နီပေါမှာ ငလျင် ထပ်မံလှုပ်ခတ်


နီပေါနိုင်ငံမြို့တော် ကတ္တမန္ဒူမှာ ယနေ့မနက်က ရစ်ခ်ျတာစကေး ၇ ဒဿမ ၄ ပြင်းအားရှိ မြေငလျင် လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ဗဟိုချက်မှာ ဧ၀ရက်တောင်အနီး နမ်ချေဘာဆာမြို့နဲ့ ၆၈ ကီလိုမီတာအကွာလောက်မှာ ဖြစ်ပါတယ်။ လူပေါင်း ၈၀၀၀ ကျော်သေဆုံးခဲ့ရတဲ့ ပမာဏ ၇ ဒဿမ ၈ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး သီတင်းပတ်အနည်းငယ်အတွင်းမှာ ယခုလို ငလျင်ထပ်မံလှုပ်ခတ်ခဲ့တာ ဖြစ်ပြီး မျက်မြင်သက်သေများရဲ့ ပြောကြားချက်အရ နေအိမ်ပေါင်းများစွာ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ငလျင်အဖျားအနားကို အိန္ဒိယနိုင်ငံမြောက်ပိုင်းကပင် ခံစားသိရှိခဲ့ရပြီး မြို့တော် နယူးဒေလီမှာ အဆောက်အဦတွေ မိနစ်အနည်းငယ် လှုပ်ယမ်းခဲ့၍ လူများ ထိတ်လန့်တကြား လမ်းမပေါ် ပြေးထွက်ခဲ့ကြပါတယ်။

“တကယ့် ငလျင်ကြီးဗျ။”ဟု ကတ္တမန္ဒူမြို့မှ လက်မှုပစ္စည်းအရောင်းဆိုင်ပိုင်ရှင် ပရာကက်ရှ်ရှီပါကာ က ပြောသည်။ ငလျင်ကြောင့် ပရာကရှ်က ဧပြီ ၂၅ ရက်က လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ခံမြို့တမြို့ဖြစ်တဲ့ ဘာခ်တာပူရ ရှိ မိဘများကို ဖုန်းဖြင့်ဆက်သွယ်ခဲ့ပါတယ်။

ကတ္တမန္ဒူမြို့မှာ ရောက်ရှိနေတဲ့ ဂျာနယ်လစ်တွေရဲ့ပြောဆိုချက်အရ လူတွေဟာလမ်းမတွေပေါ် ပြေးထွက်ခဲ့ကြကြောင်း၊ အဆောက်အဦ အပျက်အစီးစာရင်းကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရပါတယ်။

သို့သော်လည်း အဆောက်အဦများ ပြိုလဲပျက်စီးမှုတွေရှိကြောင်း ကတ္တမန္ဒူမြို့ကလာတဲ့ သတင်းများအရ သိရပါတယ်။ ငလျင်ပြင်းအားကို ၇ ဒဿမ ၁ လို့ ယူအက်စ်ဘူမိဗေဒဆိုင်ရာစစ်တမ်းဌာနက ကနဦးကြေငြာခဲ့ပြီးမှ ၇ ဒဿမ ၄ လို့ ပြင်ဆင်ကြေငြာခဲ့ပါတယ်။

ငလျင်ဗဟိုဟာ ဧ၀ရတ်တောင်ခြေစခန်းအနီးမှာဖြစ်ပြီး ဧပြီလကဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် မြေပြိုပြီး တောင်တတ်သမား ၁၈ ယောက် သေဆုံးခဲ့ရတဲ့အတွက်ကြောင့် အဆိုပါနေရာကို ရှင်းလင်းထားကြောင်း သိရပါတယ်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ