ဒေးဗစ်ကင်မရွန် ဦးဆောင်သည့် ကွန်ဆာဗေးတစ်ပါတီ ဗြိတိန်အထွေထွေရွေးကောက်ပွဲ အနိုင်ရ
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန် ဦးဆောင်သည့် ကွန်ဆာဗေးတစ်ပါတီသည် ဗြိတိန် အထွေထွေ ရွေးကောက်ပွဲတွင် အမတ် ၃၃၁ နေရာ ရရှိကာ အနိုင်ရခဲ့သည်။ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီက ကွန်ဆာဗေးတစ်ပါတီ အပြတ်အသက် အနိုင်ရမည်မဟုတ်ဟု ခန့်မှန်းခဲ့ကြသော်လည်း မဲရေတွက်မှုများ ပြီးဆုံးချိန်တွင် လွှတ်တော်အမတ် လွှတ်တော်အမတ် ၆၅၀ နေရာအနက် ကွန်ဆာဗေးတစ်ပါတီက ၃၃၁ မဲရရှိခဲ့ပြီး လေဘာပါတီမှာ ၂၃၂ နေရာသာ ရရှိခဲ့သည်။
ဒေးဗစ်ကင်မရွန်က ဗြိတိန်နိုင်ငံကို စီးပွားရေးပျက်ကပ် ဆိုက်ရောက်မည့်ဘေးမှ ကာကွယ်ခဲ့ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန်လာအောင် ဆောင်ရွက်နေသည် ဆိုသော အချက်ကြောင့် ၎င်း၏ပါတီကို မဲပေးသူများပြားခဲ့ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
ဒေးဗစ်ကင်မရွန်သည် မေ ၉ရက်က ဘက်ကင်ဟမ်နန်းတော်တွင် ဘုရင်မနှင့် တွေ့ဆုံခဲ့ပြီး ကွန်ဆာဗေးတစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် အစိုးရဖွဲ့စည်းမည့် အစီအစဉ်အား ဘုရင်မထံ တင်ပြခဲ့သည်ဟု အင်္ဂလန်မီဒီယာများက ဖော်ပြသည်။
ဒေးဗစ်ကင်မရွန်မှာ အမှတ်(၁၀)၊ ဒေါင်းနင်းလမ်းနေအိမ်တွင် နေထိုင်ကာ ၀န်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး ညွှန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရန်မလိုဘဲ အစိုးရဖွဲ့ခွင့် ရရှိခဲ့သည်။
ရွေးကောက်ပွဲတွင် စကော့တလန် အမျိုးသားပါတီက အမတ် ၅၆နေရာ၊ လစ်ဘရယ်ဒီမိုကရက်ပါတီက အမတ် ၈နေရာ ရရှိခဲ့ကြသည်။ ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီ အနိုင်ရခဲ့ပြီးနောက် လေဘာပါတီ ဥက္ကဋ္ဌ အက်ဒ်မီလီဘန်၊ လစ်ဘရယ်ဒီမိုကရက်ပါတီ ဥက္ကဋ္ဌ နစ်ကလက်၊ ယူကေအိုင်ပီပါတီ ဥက္ကဋ္ဌ နီဂယ်ဖာရေ့တို့မှာ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်သွားခဲ့ကြကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
yoyarlay

မှတ်ချက်များ