ပန်းဘဲတန်းမြို့နယ် မီးရထားသံလမ်း ခုံးကျော် တံတားအနီးတွင် အမျိုးသမီး အလောင်းတွေ့ရှိသည့် လူသတ်မှုမှ ပြစ်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိ


ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် (၅)ရပ်ကွက် ဆူးလေဘုရားလမ်း မီးရထားသံလမ်း ခုံးကျော်တံတား အဆင်းအနီးတွင် ဒဏ်ရာများဖြင့် သေဆုံးနေသော အသက်(၂၅)နှစ် ခန့်ရှိ အမျိုးသမီးတစ်ဦး၏အလောင်းအား မေ ၃၁ ရက် ညနေ ၅ နာရီခွဲက တွေ့ရှိသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်း က (ပ)၁၇ဝ/ ၂ဝ၁၅၊ ပြစ်မှု ပုဒ်မ- ၃ဝ၂ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူမှာ လှိုင်သာယာ မြို့နယ်နေ မချောစု(ခ)ချောစုခင်၊ (၂၆)နှစ်ဖြစ်ကြောင်းသိရပြီး မေ ၃ဝ ရက် နံနက် ၁ နာရီခန့်က ဗိုလ်တထောင်မြို့နယ်နေ အာမင်း (ခ) ဝင်းဇော်ထွန်း၊ ပန်းဘဲတန်းမြို့နယ်နေ ဝေဠုကျော်(ခ)ဝေလင်းကျော်နှင့် ဒဂုံ မြို့သစ်(တောင်ပိုင်း) မြို့နယ်နေ သာပေါင်း(ခ)ချစ်စန်းလတ်တို့ သုံးဦးနှင့် အခင်းဖြစ်နေရာအနီးတွင် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသဖြင့် မသင်္ကာသူ ၎င်းတို့သုံးဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

ထို့နောက် ၎င်းတို့ သုံးဦးအား နေအိမ်အသီးသီးမှဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာ သေဆုံးသူ မချောစု(ခ)မချောစုခင်ထံမှရရန်ရှိသော အကြွေး ငွေတောင်းရာမှ စကားများရန်ဖြစ်စဉ် ၎င်းတို့က လက်သီးဖြင့်ထိုးခြင်း၊ အနီးရှိ ကွန်ကရစ်ခဲအပိုင်းဖြင့် ဦးခေါင်းအား ထုရိုက်ခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ပြစ်မှုကျူးလွန်သူသုံးဦးအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့) - The Mirror Daily

မှတ်ချက်များ