ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၀) ပြည့် မွေးနေ့အား အနယ်နယ် အရပ်ရပ်တွင် ကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၇၀) ပြည့် မွေးနေ့အား မြန်မာနိုင်ငံအတွင်းရှိ အနယ်နယ် အရပ်ရပ်တွင် ကျင်းပမည် ဖြစ်သည်။လာမည့် ဇွန်လ (၁၉) ရက်နေ့တွင် အသက် (၇၀) ပြည့်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အား ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များ အပြင် ကျန်ခရိုင်၊ မြို့နယ်များတွင်ပါ ကျင်းပမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း NLD ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။

““ကျင်းပသွားမှာပါ။ အနည်းဆုံး ဆွမ်းလောင်းတာတို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ်တရပွဲတို့ လုပ်ဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း လုပ်ခဲ့ပါတယ်““ ဟု မန္တလေး NLD ခရိုင် ဒုတိယ ဥက္ကဋ္ဌ ဦးကိုကိုလေးက ပြောသည်။ရန်ကုန်မြို့တော်ဝင် နှင်းဆီခန်းမတွင် ဇွန်လ (၂၀) ရက်နေ့တွင် နံနက် (၉း၀၀) နာရီမှ (၁၀း၀၀) နာရီ အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပရန်လည်း ရှိကြောင်း ရန်ကုန်တိုင်း NLD ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။

““သံအမတ်တွေပါ ဖိတ်ထားပါတယ်။ ဗဟိုကော်မတီ အစည်းအဝေးကလည်း ရှိနေတော့ တွဲပြီးတော့ ခေါင်းဆောင် အနေနဲ့ လုပ်လိုက်တဲ့ သဘောပါ။ အကုန်အဆင်ပြေတဲ့ ရက်နဲ့ အစည်းအဝေးရှိတဲ့ ရက်မှာပဲ လုပ်လိုက်တာပါ။ တစ်ရက် နောက်ဆုတ်ပြီးတော့”” ဟု ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောသည်။

ကျန်မြို့နယ်များတွင် မွေးနေ့ရက် ကျရောက်သည့် ဇွန်လ (၁၉) ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါနေ့အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အဖြစ်ပင် သတ်မှတ် ထားသောကြောင့် ထူးထူးခြားခြား ပွဲတော်အဖြစ် ကျင်းပရန်လည်း ရှိနေသည်။
““(၁၀) ရက်နေ့မှာ အစည်းအဝေး လုပ်ပြီး ဘာလုပ်မယ် ဆိုတာ အတိအကျ ထုတ်ပြန်သွားမှာပါ။ ရန်ကုန်မှာလည်း လုပ်မယ်။

ကျွန်တော် တို့ကလည်း ကျွန်တော်တို့ မြို့မှာ လုပ်မှာပါ။ ကျွန်တော်တို့ ခေါင်းဆောင် ဆိုတာက လူထုခေါင်းဆောင် ဖြစ်တဲ့အတွက် လုပ်ဆောင်သွားမှာပါ”” ဟု တောင်ကြီးခရိုင် NLDM ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။၂၀၁၄ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင်လည်း အဆိုပါမြို့များတွင် (၆၉) နှစ်ပြည့် မွေးနေ့အား စည်ကားစွာ ကျင်းပခဲ့သည်။

messenger

မှတ်ချက်များ