မကြာမီ ဖခင်ဖြစ်လာတော့မယ့် ကမ္ဘာ့ပထမဆုံး အမျိုးသား လိင်အင်္ဂါအစားထိုး လူနာ
ကမ္ဘာပထမဆုံးသော အမျိုးသား လိင်အင်္ဂါအစားထိုး လူနာဟာ မကြာမီမှာပဲ ဖခင်တစ်ဦး ဖြစ်လာတော့မှာဖြစ်ကြောင်း တောင်အာဖရိက သတင်းမီဒီယာဖြစ်တဲ့ News24 က ဇွန်လ ၁၁ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့ ၄င်းလူနာဟာ သူ့ချစ်သူမှာ ကိုယ်ဝန်ရှိပြီဆိုတဲ့ အကြောင်းကို Stellenbosch တက္ကသိုလ်နဲ့ ကိပ်တောင်း မြို့မှာရှိတဲ့ Tygerberg ဆေးရုံက ခွဲစိတ်ဆရာဝန်တွေဆီ များမကြာမီကပဲ အကြောင်းကြားခဲ့တာပါ။
၂၀၁၄ခုနှစ် ဒီဇင်ဘာလ အတွင်းမှာ ဤအမျိုးသား လိင်အင်္ဂါအစားထိုး ခွဲစိတ်မှုကို ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ၂၀၁၅ခုနှစ် မတ်လမတိုင်ခင်အထိ ပြည်သူလူထုအကြားကို သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။ လူနာရဲ့ ပြန်ကောင်းလာမှုကို ဆရာဝန်တွေက စောင့်ကြည့်ချင်တာကြောင့်ပါ။ လအတန်ကြာပြီးတဲ့ နောက်မှာတော့ အမည်မဖော်သူ ၄င်းလူနာဟာ သူ့ရဲ့ အမျိုးသားအင်္ဂါနဲ့ ဆီးသွားခြင်း၊ လိင်ဆက်ဆံခြင်း လုပ်ဆောင်ချက်တွေကို ပြန်လည် ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုတော့ ၄င်းလူနာရဲ့ မျိုးပွားဆိုင်ရာ လုပ်ဆောင်ချက်တွေလည်း ပြန်လည်ကောင်းမွန်လာကြောင်းကို ၄င်းချစ်သူဖြစ်သူရဲ့ ကိုယ်ဝန်က အတည်ပြုပေးနိုင်ခဲ့ပြန်ပါပြီ။
ဒီအချက်အလက်တွေကို Stellenbosh တက္ကသိုလ်၊ ဆီးစနစ်ဗေဒ ဌာနမှူးဖြစ်သူ Andre van der Merwe က အများပြည်သူရှေ့မှာ ရှင်းလင်းပြောကြားခဲ့တာဖြစ်ကြောင်း News24 က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Skyler - Trend Myanmar

မှတ်ချက်များ