ခရီးသည်တင်ဒိုင်နာ မော်တော်ယာဉ် မရမ်းကုန်းမြို့နယ်၌ တိမ်းမှောက်
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၃) ရပ်ကွက် ကျိုက်ဝိုင်းဘုရားလမ်း မြို့နယ် ဒေသန္တရ ဆေးခန်း ရှေ့၌ ယနေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်က ခရီးသည် တင် ယာဉ်တစ်စီး တိမ်းမှောက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့အတွင်း လှိုင်သာယာ အဝေး ပြေးမှ အောင်မင်္ဂလာအဝေးပြေးသို့ ပြေးဆွဲနေသော မြောက်ပိုင်းခရိုင် (မထသ) ခရီးသည်ပို့ဆောင်ရေး လိုင်း အမှတ် (၁၂၁) ၆A/--- အဖြူရောင်ဒိုင်နာ မော်တော်ယာဉ် သည် ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း အနောက်မှ အရှေ့သို့ ခရီးသည်များတင်ဆောင် မောင်းနှင်လာစဉ် မြို့နယ်ဒေသန္တရ ဆေးခန်းရှေ့အရောက် အရှိန်ဖြင့် ကျွန်းအလယ် ပလက်ဖောင်းကိုတိုက်ပြီး ယာဉ်မောင်း ၏ယာဘက်သို့ တိမ်းမှောက်သွားခဲ့သည်။
အခင်းဖြစ်ရာနေရာသို့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှထွေးနှင့် အရန်မီးသတ်၊ ကြက်ခြေနီကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ အချိန်မီရောက်ရှိလာပြီး ဒဏ်ရာရခရီးသည် များအား အနီးရှိဒေသန္တရဆေးခန်း၌ အရေးပေါ် ပို့ဆောင်ကုသမှု ပြုလုပ်ပေးခဲ့ကြသည်။
ထို့နောက် နယ်မြေယာဉ်မှုစစ် ရဲအုပ်မျိုးတင့်နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိ စစ်ဆေးမှုပြုလုပ်ရာ၊ သံဃာတော် တစ်ပါး၊ ကျား လေးဦး၊ မ ခြောက်ဦးတို့ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခြင်းကြောင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသလျက်ရှိကြောင်း၊ ထွက်ပြေးတိမ်ရှောင်သွားသော ယာဉ်မောင်းအား ဘုရင့်နောင် နယ်မြေရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့် စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း) - Myanmaalinn

မှတ်ချက်များ