ဖိလစ်ပိုင်ကို သေချာပေါက် နိုင်မယ် – ဦးသန်းတိုးအောင်


စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းနေတဲ့ ၂၈ ကြိမ်မြောက် ဆီးဂိမ်း အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲမှာ မြန်မာယူ ၂၃ အသင်းဟာ အုပ်စု (က) တတိယ ပွဲစဉ်အဖြစ် ဖိလစ်ပိုင်အသင်းနဲ့ ဒီနေ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် မြန်မာအသင်းရဲ့ ပြင်ဆင်ထားမှုအခြေအနေ၊ ဒဏ်ရာရရှိမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာ ယူ ၂၃ ဘောလုံးအသင်းမန်နေဂျာ ဦးသန်းတိုးအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ မြန်မာကန်တဲ့ စင်ကာပူနဲ့ ဒုတိယပွဲမှာ မြန်မာအသင်းရဲ့ အားသာချက်၊ အားနည်းချက် ဘာတွေ တွေ့လိုက်ရလဲဗျ။

“ကျနော်တို့က အောက်ပိုင်း Shot pass အောက်ဘောတွေကျ သူတို့ထက် ကောင်းတယ်ဗျ။ ၀မ်း-တူး ရိုက်တာလေးတွေ မြန်တယ်။ ဒါပေမယ့် ပထမပိုင်းမှာ ကျနော်တို့ အလယ်တန်း နည်းနည်း ဟာတယ်ဗျ။ အဲ့ဒါကို ဒုတိယပိုင်းမှာ ပြင်လိုက်တယ်။ ရှေ-လယ်-နောက်-ဂိုး မဆိုးဘူး။ ရှေ့တန်းက ဒီ့ထက်ပို ဂိုးသွင်း သေချာဖို့ လိုတယ်။ နောက်တန်းနဲ့ အလယ်တန်းက ဟဟ သွားတာပြင်ဖို့လိုတယ်၊ စင်ကာပူနဲ့မို့ပေါ့၊ ထိုင်းနဲ့ဆို ဒီလို ဟဟသွားရင် မလွယ်ဘူး၊ ထိုင်းက ကစားတာ နည်းနည်းလည်တယ်။”

မြန်မာကန်ခဲ့တဲ့ ၂ ပွဲကိုကြည့်ရင် တိုးတက်လာတယ်လို့ ပြောလို့ ရမလား။ ပုံမျန်ခြေစွမ်းလို့ ပြောမလား။

“စင်ကာပူကို ၃-၁ aလာက်နဲ့ဆို တိုးတက်လာတယ်လို့ ပြောရနိုင်တယ်။ အခုက ၂-၁ ဆိုတော့ ပုံမျန်လောက်ပဲ ပြောရမှာပေါ့။ ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်က တိုးတက်လာတယ်။ ဆီမီးဖိုင်နယ်၊ ဖိုင်နယ်ဆို ပိုကောင်းလာမယ်လို့ ယူဆတယ်။”

အခု ကစားမယ့် ဖိလစ်ပိုင်နဲ့ ပတ်သက်လို့ရော ဘာအချက်အလက်တွေ ရထားလဲ။

“ဖိလစ်ပိုင်းက စင်ကာပူကို ၁-၀ နဲ့ ရှုံးတယ်၊ ရှုံးတယ်ဆိုပေမယ့် ပထမပိုင်းမှာ စင်ကာပူ ခံနေရတယ်။ သူကလည်း ၀မ်းတူး ရိုက်တာလေးတွေ မဆိုးဘူး။ ကျနော်တို့ အသင်းလောက် မမြန်ပေမယ့် သူတို့လည်း ကစားတတ်တယ်။ ဖိလစ်ပိုင်တို့လို အသင်းမျိုးတွေက မျှော်လင့်ချက် ရှိရှိ မရှိရှိ ကစားတာတော့ ကစားနေတာပဲ သူတို့က။ ကလေးတွေကိုလည်း မှာထားတယ်။ အင်ဒိုတို့၊ စင်ကာတို့ကိုကစားတဲ့ စိတ်ဓာတ်နဲ့ တဂိုးနှစ်ဂိုး မဟုတ်ဘူး၊ ပြတ်ပြတ်သားသား ရသလောက် သွင်းဖို့နဲ့ ကြိုးစားဖို့ ပြောတယ်။ တချက်မှ ပေါ့လို့ မရဘူး။ ဖိလစ်ပိုင်က အချိန်မရွေး ဂိုးရတယ်ဆိုပြီး လွယ်လွယ်လုပ်လို့ မရဘူး။ အဲ့ဒီလိုလုပ်ကစားတတ်တဲ့အဆင့်လည်း ကျနော်တို့ အသင်းက ကလေးတွေမှာ မရှိသေးဘူး။”

ဖိလစ်ပိုင်နဲ့ ကစားမယ့် ကစားသမားတွေ ဒဏ်ရာ အခြေအနေရော။

“နောက်တန်းက ၀င်းဇင်ဦး ခြေထောက် ကျိုးသွားတယ်ဗျ။ ကျောက်ပတ်တီးကိုင်ထားရပြီး ၆ ပတ်လောက် နားရမယ်။ သူ့အစား ဘယ်သူ့ သုံးရမလဲ ဆိုတာ စဉ်းစားတုန်း။ ကိုကြည်လွင်လည်း စဉ်းစားတုန်း။ ခေါင်းပေါက်သွားတဲ့ကလေးက ရတယ်။ ဒီမနက် သူ ထရိန်နင်ဆင်းတယ်။ အဲ့ဒီတော့ အရင် ၂ ပွဲကန်ခဲ့တဲ့ ကစားသမားတွေထဲက စင်တာဘက် ကစားတဲ့ တယောက်ပဲ လျော့မှာပေါ့။ ဒီတယောက် လျော့တာနဲ့ ပြဿ နာ မရှိပေမယ့်လည်း ပြိုင်ဘက်ကောင်းနဲ့တွေ့တဲ့အခါကျတော့ အဲ့ဒီနေရာဝင်မယ့် အသားကျအောင် လုပ်ဖို့ လိုတာပေါ့။”

စင်ကာပူနဲ့ပွဲမတိုင်မီက ကိုသန်းတိုးအောင်ကို ကျနော်မေးတော့ စင်ကာပူကို မကြောက်ဘူး၊ အနိုင်ကန်မယ်လို့ ပြောခဲ့တယ်။ အခု ဖိလစ်ပိုင်နဲ့ ကန်မယ့်ပွဲအတွက်ရော ပရိသတ်ကို ဘာပြောမလဲ။

“စင်ကာပူနဲ့ကန်တဲ့ စိတ်ဓာတ်မျိုးနဲ့ပဲ ကျနော်တို့ ကန်မှာပါ၊ တချက်မှ မလျှော့ပါဘူး။ ရရင် ရသလောက် ဂိုးသွင်းပါ့မယ်။ တကယ်လို့ ကွင်းထဲမှာ ကလေးတွေ ပေါ့နေပြီဆိုရင်လည်း အချိန်နဲ့ တပြေးညီ မပေါ့ဖို့ မှာထားပြီးသားပါ။ အဲ့ဒီမှာတော့ ကျနော်တို့ မညှာပါဘူးခင်ဗျ။ ကျနော်တို့ကလေးတွေက ပေါ့ပေါ့ဆဆ ကစားလို့ မရပါဘူး။ အမြဲတမ်း ကြိုးစားနေမှ၊ အမြဲတမ်း စိတ်ဓာတ်နဲ့ကစားမှ ကျနော်တို့ အသင်းက ကောင်းတာ။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ပွဲက စိတ်လာတဲ့အခါကျတော့ သူတို့ Recover ဖြစ်အောင် အထူးသဖြင့် အသားပေါ့၊ မစားချင်လဲကျွေး၊ ကျနော်တို့ လုပ်နေပါတယ်။ ဘာမှ မစိုးရိမ်ပါနဲ့၊ သေချာပေါက် နိုင်မယ်လို့ ကျနော် ပြောချင်ပါတယ်။”

ရွှေအောင် - DVB

မှတ်ချက်များ