၂၀၁၅ ထဲမှာ ကားကြီး ၁၃ ကားရိုက်ကူးမဲ့ ဇေရဲထက်က ၁၁ လပိုင်းတွင်လဲ ဘန်ကောက်မှာ ဗီဒီယို ၈ ကားသွားရိုက်ဖို့ စီစဉ်ထား


၂၀၁၅ ထဲမှာ ကားကြီး ၁၃ ကားရိုက်ဖို့ရှိတဲ့ ဇေရဲထက်က လက်ရှိမှာ ၆ ကားရိုက်ကူးပြီးစီး သွားပြီဖြစ်ပြီး ကျန်တဲ့ ၇ ကားကို တစ်လ တစ်ကားနှုန်းနဲ့ ဆက်လက်ရိုက်ကူးသွားမယ်လို့သိရပါတယ်။ ဒါ့အပြင် ဗီဒီယို ၈ကားကိုတော့ ၁၁ လပိုင်းမှာ ထိုင်းအထိ သွားရောက်ရိုက်ကူးဖို့စီစဉ်ထားပြီး လက်ရှိသူ့အနုပညာလှုပ်ရှားမှုများနဲ့ ဇာတ်ရွေးချယ်မှုအပိုင်းများကို ပြောပြလာတဲ့အခါ

"အခုရိုက်နေတဲ့ ကားလေးက အချစ်ကို ၀န်းရံကြတဲ့။ ဒါရိုက်တာက ဦးသိန်းဟန် ( ဖီးနစ် ) ၊ မင်းသမီးက ခင်ဝင့်ဝါ ပါ။ ဒီကားလေးက ဖန်စီ ဒရာမာ ဟာသ အားလုံးပေါင်းထားတဲ့ ဇာတ်လေးပါ။ လာငှားတဲ့ ဇာတ်တိုင်းကို မရိုက်ခင်ပြင်ဆင်မှုအပိုင်းကတော့ ကျွန်တော်တို့ အရွယ်က ငယ်သေးတယ်။ ဆယ်ကျော်သက်အရွယ်ဖြစ်နေတဲ့အတွက် လင်မယားကားဆိုရင်လဲ လူကြီးလင်မယား မဟုတ်တဲ့ ငယ်ငယ်ရွယ်ရွယ် လင်မယားလေးတွေ၊ ညားခါစ လင်မယားမှာမှ ကလေးပုံစံလေးတွေ ဟာသပုံလေးတွေ လုပ်တယ်။

 နောက်ပြီး ကျွန်တော့အရွယ်နဲ့လိုက်လျောညီထွေတဲ့ ပုံစံမျိုးလေးတွေလုပ်တယ်။ အခြောက်ကား ဆိုရင်လဲ ကိုယ်နဲ့ အရွယ်တူ အခြောက်တွေဆီကပဲ လေ့လာတယ်။ အခြောက်မှမှ ဘယ်လို အဆင့်အတန်းရှိတဲ့ အခြောက်လဲဆိုတာ ခွဲခြားပြီးလေ့လာတယ်။ ဒရာမာ ဆိုရင်လဲ ဟိုးအရင်တုန်းကဆို ကျွန်တော်အကြီးကြီးတွေ လုပ်ဖူးတယ်။ အဓိကကတော့ ဇာတ်ရုပ် တစ်မျိုးစီ တစ်မျိုးစီတိုင်းမှာ ကျွန်တော့်ရဲ့ အတွေးလေးတွေကို ချပြသွားဖြစ်တယ်။ အဲ့ဒီလိုချပြလိုက်တော့မှ သူတို့ဖက်ကရလာမဲ့ Result ကို အတည်ယူပြီး control လုပ်ပြီး ပြင်ဆင်စရာရှိတာကို ပြင်ဆင်သွားရမှာပေါ့။"လို့ သူက ပြောပြပါတယ်။

လက်ရှိမှာ ဦးစားပေးရိုက်ဖြစ်နေတဲ့ ဇာတ်လမ်းပုံစံတွေနဲ့ပတ်သက်ပြီး "ကျွန်တော် ရိုက်တာက ဟာသ၊ ဒရာမာ၊ ဖန်စီ ညီတယ်။ ဒါပေမဲ့ ထုတ်လုပ်သူပိုင်းမှာကျ သူတို့က ဟာသတွေကိုပဲ အရင်ထွက်တဲ့ အခါကျတော့ ဒရာမာတွေက ကျန်နေတယ်။ အခုခေတ် ပရိသတ်က စိတ်ညစ်ညူးနေတဲ့ အခါ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ ဟာသကားကြည့်ကြတယ်လေ။ ဟာသတွေကြီးပဲ ထုတ်လိုက်တဲ့အခါကျတော့ ဒရာမာတွေက ကျန်နေပြန်ရော။ ဇေရဲထက်က ဟာသတွေကြီး ရိုက်တာ မဟုတ်ပါဘူး။ ဒရာမာအနစ်တွေ ရိုက်ထားတာလဲ ရှိပါတယ်။ သဘာဝကျကျနဲ့ လောကကြီးထဲမှာ ဖြစ်ပျက်နေတာတွေကိုလဲ ရိုက်ထားတယ်။ မောင်နှမချစ် သံယောဇဉ် ကားလေးတွေလဲ ရှိပါသေးတယ်"တဲ့။

ရုပ်ရှင်ကားကြီးရိုက်ကူးမှုအပိုင်းကိုတော့ သူက "ဒီနှစ်ထဲမှာ ရိုက်ထားပြီးသား ၆ ကားရှိတယ်။ မရိုက်ရသေးတာ ၇ ကားကျန်မယ်။ ဒီလပြီးရင် တစ်လ တစ်ကားနှုန်းနဲ့ ကားကြီးတွေ ရိုက်သွားမယ်။ ကျွန်တော်ဒီနှစ်ထဲမှာ ဗီဒီယိုရိုက်တာ တော်တော်နည်းတယ်။ အမှန်အတိုင်းပြောရရင် ရိုက်ထုတ်ဖြစ်နေတယ်။ ရိုက်ဖြန့်ပေါ့။ ပရိုဂျူဆာတွေ ဆီမှာလဲ ကျွန်တော့်ကား ကျန်သိပ်မရှိဘူး။ အလွန်ဆုံး ၃ ကားပဲ။ တချို့က တိုက်များတယ်။ တိုက်များတယ် ဆိုပြီးပြောကြတယ်။ ပြန်ကြားတာပေါ့နော်။ 

ကျွန်တော်တို့အနေနဲ့ကျတော့ ဒါရိုက်တာတွေနဲ့မျက်နှာနာစရာတွေ ရှိတယ်။ ကိုယ်နဲ့အရင်က ရိုက်ခဲ့ဖူးတဲ့ ဒါရိုက်တာတွေက ငါတို့နဲ့ရိုက်မယ်။ ရိုက်မယ်ဆိုတော့ မပေးလို့ကလဲ မကောင်းဘူးလေ။ အဲ့ဒါကြောင့်ပေးဖြစ်တယ်။ တခါတလေ ဇာတ်ကို အရမ်းရွေးချင်ပါတယ်။ ဒါပေမဲ့ ရိုက်ခါနီးမှ ဇာတ်ရတဲ့ ကားတွေကများနေတော့ ဖတ်ကြည့်တဲ့အခါ ကိုယ်မကြိုက်တဲ့ အခန်းလေးများပါရင် ဖယ်ထုတ်ပြီး ညှိရိုက်ရတဲ့ အနေအထားလေးတွေလဲ ရှိတော့ နားလည်ပေးစေချင်ပါတယ်။ ကျွန်တော် တကယ်ရိုက်ချင်တာက ဒရာမာပေါ့။ တကယ့်ကို သဘာဝကျကျနဲ့ လူငယ်တွေအတွက် ဘယ်လိုကြိုးစားရမယ် ဆိုတဲ့ကားမျိုးကို ဒရာမာအနလးတွေနဲ့ရိုက်ချင်တယ်။ တကယ်ပညာပေးကားပေါ့။ အခုကိုယ်လဲသိပ်နားမလည်ဘူး။

 တော်တော်များများက ဒရာမာတွေကိုသိပ်အားမပေးဘူးပြောနေလို့ကျွန်တော်တော့မသိဘူး။ ကျွန်တော်ကကျတော့ ဒရာမာကိုကြိုက်တယ်။ ဟာသဆိုကျွန်တော်ကိုယ်တိုင်က လူရွှင်တော်တွေအများကြီးပါတဲ့ကားမျိုးပဲကြိုက်တယ်။ ဒရာမာ၊ ဖန်စီ၊ အချစ်၊ ရိုမန့်စ်လေးတွေတော့ ပိုရိုက်ချင်တယ်။ ဟာသရိုက်ရတာ အရမ်းပြိုင်းနေပြီလေ။ ရိုက်ထားပြီးသား ၆ကားက ဟာသများတယ်။ ကျန်တဲ့ ၇ ကားက အစုံပေါ့။ ဒါရိုက်တာတွေက ဦးညီ၊ ကိုညို၊ ကိုဇော်၊ ဦးကျော်ဇော်လင်း၊ ကိုပြည်ဟိန်း၊ သူတို့နဲ့ ရိုက်မယ်ခင်ဗျ။ ခရီးထွက်ဖို့အနေနဲ့က ချောင်းသာရယ်၊ ထိုင်းရယ်မှာ ကားရိုက်သွားဖို့ရှိတယ်။ ထိုင်းက ၂ လခွဲလောက်ကြာမယ်ပေါ့။ ဗီဒီယို ၈ ကား ရိုက်ဖို့ရှိပါတယ်"လို့ပြောပြခဲ့ပါတယ်။

ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ