မတန်တဆ ဖောင်းပွနေသည့် ငွေကြေးယူနစ်ကို ဖျက်သိမ်းရန် ဇင်ဘာဘွေ စီစဉ်
မတန်တဆ ငွေကြေးဖောင်းပွမှုများ ဖြစ်ခဲ့သည့်နောက် ဇင်ဘာဘွေ ဗဟိုဘဏ်က နိုင်ငံ၏ လက်ရှိ ငွေကြေးယူနစ် အသုံးပြုမှုကို တဖြည်းဖြည်းချင်း လျှော့ချပြီး ပယ်ဖျက်ပေးသွားမည်ဟု ကြေညာလိုက်သည်။
လွန်ခဲ့သည့် ၆ နှစ်က စတင်ကာ ဇင်ဘာဘွေဒေါ်လာ၏ ငွေကြေးဖောင်းပွမှု အလွန်မြင့်တက်လာခဲ့ရာ နိုင်ငံအတွင်းတွင် အမေရိကန် ဒေါ်လာနှင့် တောင်အာဖရိက ရန်ငွေကြေးတို့ကို အစားထိုး သုံးစွဲမှုများ ရှိလာသည်။ ယခုအခါ ဗဟိုဘဏ်က တန်ဖိုးမရှိသလောက်နီးပါး ဖောင်းပွနေသည့် ငွေကြေးယူနစ်ကို ပယ်ဖျက်ပေးသွားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဇွန်လ ၁၅ ရက်မှ စတင်ကာ ဇင်ဘာဘွေ နိုင်ငံသားများသည် ဇင်ဘာဘွေဒေါ်လာ ၁၇၅ ကွာဒရီလီယံ (၁၇၅,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀)ကို အမေရိကန်ဒေါ်လာ ၅ ဒေါ်လာနှင့် လဲလှယ်နိုင်မည် ဖြစ်သည်။ ထိုထက်ပိုများသော ငွေကြေးပမာဏမျိုးကို လဲလှယ်လိုလျှင်မူ အမေရိကန် တစ်ဒေါ်လာလျှင် ဇင်ဘာဘွေဒေါ်လာ ၃၅ ကွာဒရီလီယံ (၃၅,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀)ဖြင့် တန်ဖိုးသတ်မှတ် လဲလှယ်ပေးသွားမည်ဟု ဗဟိုဘဏ်က ကြေညာခဲ့သည်။
အဆိုပါ အစီအစဉ်ကို ကာလကြာမြင့်စွာ သတ်မှတ်ထားပြီး တန်ဖိုးဖောင်းပွနေသည့် ငွေကြေးများကို လဲလှယ် ရုပ်သိမ်းပေးမည်ဟု ဇင်ဘာဘွေ ဗဟိုဘဏ် အကြီးအကဲ ဂျွန်မန်ဂူဒယာက Bloomberg သတင်းဌာနသို့ ပြောကြားခဲ့သည်။ “နိုင်ငံတစ်နိုင်ငံမှာ တရားဝင် ငွေကြေးယူနစ်နှစ်ခု သုံးစွဲဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ပြည်တွင်းမှာ ငွေကြေးယူနစ် တစ်ခုထက်မက အသုံးပြုမယ့် စနစ်ကို လုံခြုံတဲ့ ရှုထောင့်ကနေ ပြောင်းလဲ ချဉ်းကပ်ဖို့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။
ဇင်ဘာဘွေ နိုင်ငံသားများ အနေဖြင့် ၎င်းတို့ လက်ထဲရှိ ဇင်ဘာဘွေ ဒေါ်လာများကို နိုင်ငံခြားငွေကြေးနှင့် လဲလှယ်ရန် စက်တင်ဘာလထိ အချိန်ရထားသည်။ ဇင်ဘာဘွေတွင် မတန်တဆ ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်ခဲ့ရာ နောက်ဆုံး ထုတ်လုပ်သည့် ငွေစက္ကူသည် ဇင်ဘာဘွေဒေါ်လာ ၁၀၀ ဘီလီယံတန် ဖြစ်သည်။ သို့သော်လည်း အဆိုပါ ငွေစက္ကူ တစ်ရွက်သည် ဘတ်စ်ကားလက်မှတ်ဖိုးပင် မရှိကြောင်း သိရသည်။
7Day Daily

မှတ်ချက်များ