ရပ်ထားသည့်ကားကို ဝင်တိုက်မိ၍ တစ်ဦးသေဆုံး


မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ဇီးဖြူသောင်ကျေးရွာသွား ကားလမ်းဘေးတွင် ဇွန် ၇ ရက် နံနက် ၇ နာရီခွဲခန့်က အရှိန် မထိန်းနိုင်သည့် ဆိုင်ကယ်က ရပ်ထားသည့် ကားကို ဝင်တိုက်မိ၍ တစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သိန်းသန်းဝင်း (၂၇)နှစ် အစင် ကျေးရွာ ရေးမြို့နယ်နေသူသည် HONDA Wave 100 ဆိုင်ကယ်ဖြင့် ဦးတင်ရွှေနှင့် လူးလူး(ခ) အောင်ကိုဝင်းတို့အား တင်ဆောင် ပြီး အစင်ကျေးရွာမှ ဇီးဖြူသောင် ကျေးရွာဘက်သို့ မောင်းနှင်လာစဉ် ပန်ဒါ ရေခဲစက်လမ်းဝအရောက် လမ်း၏ ယာဘက်လမ်းဘေး၌ ဝါးများတင်ဆောင်၍ ရပ်ထားသောယာဉ်၏ နောက်ပိုင်းအား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ ဦးတင်ရွှေတွင် ပြင်းထန်သော ဒဏ်ရာများ ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး လူးလူးနှင့် သိန်းသန်းဝင်းတို့တွင်လည်း ဒဏ်ရာများရရှိသဖြင့် ရေးမြို့ပြည်သူ့ဆေးရုံ တွင် အရေးပေါ်ဆေးကုသမှုခံယူလျက်ရှိ ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သိန်းသန်းဝင်း အား ရေးရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

ထွဋ်ထွဋ်(ရေး) - The Mirror Daily

မှတ်ချက်များ