အွန်လိုင်း ဗီဇာစနစ်ဖြင့် လျှောက်ထားသူ ကဗ္ဘာလှည့်ခရီးသွား (၁၂၀၀၀၀) ကို ခွင့်ပြု
မြန်မာနိုင်ငံသို့ အွန်လိုင်း ဗီဇာစနစ်ဖြင့် လာရောက် လည်ပတ်ရန် ကဗ္ဘာလှည့် ခရီးသည်အဖြစ် လျှောက်ထားသူပေါင်း (၁၂၀၀၀၀) ကျော်ကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဦးကျော်မြင့်က The Messenger Media သို့ပြောသည်။
““ကျွန်တော်တို့က လုပ်ငန်းတွေကို စစ်ဆေး ဆောင်ရွက်တဲ့အခါ တတ်နိုင်သလောက် လျင်မြန်စွာ ပြီးစီးအောင် ဆောင်ရွက်ပေးပါတယ်။ သေသေချာချာ စိစစ်ပြီး ခွင့်ပြုပေးခဲ့တာပါ”” ဟု ၎င်းကပြောသည်။
အွန်လိုင်း ဗီဇာစနစ်ဖြင့် ၀င်ရောက်လာသူများကို အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုမှ တစ်ဆင့် ၀င်ရောက် ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး၊ အွန်လိုင်း ဗီဇာစနစ်တွင် တိုးရစ်ဗီဇာဖြင့် နိုင်ငံပေါင်း (၁၀၀) ကို ခွင့်ပြုပေးလျက် ရှိသည်။
လက်ရှိအချိန်တွင် တိုးရစ် ဗီဇာစနစ်ဖြင့် လျှောက်ထားသူ (၁၂၃၃၆၆) ဦး ရှိကာ ခွင့်ပြုခဲ့သူ ဦးရေ(၁၂၂၆၀၁) ဦးကို ခွင့်ပြုခဲ့ ပြီး၊ ၀င်ရောက်လာသူ ဦးရေ (၁၀၄၆၃၁) ဦး ထိရှိလာပြီ ဖြစ်ကြောင်း ဦးကျော်မြင့်က ပြောသည်။
““မြန်မာနိုင်ငံ အနေဖြင့် ဒီလိုအွန်လိုင်း စနစ်ကနေ ပြီးတော့ ခရီးသွားတွေ ၀င်လာတာ ခရီးသွား လုပ်ငန်းတွေ အတွက် ပိုမိုပြီး ကောင်းမွန်လာပါတယ်။ တိုးတက်လာစေဖို့ အတွက် အထောက်အကူ ပြုပါတယ်။ ဒါပေမဲ့ အွန်လိုင်းဗီဇာ ရတယ်ဆိုတာ လူများများသိဖို့ လိုပါတယ်”” ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မြတ်ကျော်က ပြောသည်။
အွန်လိုင်း ဗီဇာစနစ်ကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလမှ စတင်ကာ ၀င်ရောက် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ Evisa အတွက် တစ်ဦးလျှင် ကန်ဒေါ်လာ (၃၆) ဒေါ်လာနှုန်းဖြင့် ၀င်ငွေကန်ဒေါ်လာ (၄၁)သန်းကျော် ရရှိထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ အနေဖြင့် အွန်လိုင်းဗီဇာ လျှောက်ထားမှုနှင့် ပတ်သက်၍ လူထုအကြား သိရှိရန် အသိပေးမှုများ ပြုလုပ်ရန် လိုအပ်နေသေးကြောင်းနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရန် အတွက် မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်သည့် လမ်းကြောင်းများကို ဖွင့်လှစ်မှုများ ပိုမိုဆောင်ရွက်ရန် လိုအပ်ပြီး၊ လက်ရှိ တစ်သိန်းကျော် ဟူသော ပမာဏသည် မြန်မာနိုင်ငံ အတွက် နည်းပါးနေသေးကြောင်း ဦးအောင်မြတ်ကျော်က ဆိုသည်။
မြန်မာနိုင်ငံသို့ Evisa စနစ်ဖြင့် ၀င်လာသော ကဗ္ဘာလှည့် ခရီးသွားများတွင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ သြစတြေးလျ၊ ကနေဒါ အစရှိသည့် နိုင်ငံများမှာ အများဆုံး ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနထံမှ သိရသည်။
ဇေယျာဟိန်း - The Messager

မှတ်ချက်များ