လင်ခရူဆာကား ချောက်အတွင်း တိမ်းမှောက်၍ အမျိုးသား သုံးဦးသေဆုံး
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ထီးလင်း-ဂန့်ဂေါကားလမ်းတွင် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ယာဉ်တစ်စီး ချောက်အတွင်း ထိုးကျတိမ်းမှောက် ခဲ့သောကြောင့် အမျိုးသား သုံးဦး သေဆုံး ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက် နံနက် ၇ နာရီ က ထီးလင်း-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ် (၉၂/၂)နှင့် (၉၂/၃)အကြား တွင် ဂန့်ဂေါမြို့ဘက်မှ ထီးလင်းမြို့ဘက်သို့ ယာဉ်မောင်း ဝင်းမြင့်အောင် (၃၈)နှစ် ဘိုကုန်းကျေးရွာ မတ္တရာမြို့နယ်နေသူ မောင်းနှင်သော YGN 4A /-- လင်ခရူဆာ မီးခိုးရောင်ယာဉ်ပေါ်တွင် သန်းစိုးလင်း (အသက်စုံစမ်းဆဲ) ကမ္မရွာ ပခုက္ကူမြို့နယ်နေသူနှင့် ဇာနည်တိုး(၂၅)နှစ် မုံရွာမြို့နေသူ လိုက်ပါပြီး တရားမဝင် တမလန်းခွဲသား ခြောက်တုံး (သုည ဒသမ ၅၉၄၄)တန်အား တင်ဆောင်မောင်းနှင်လာစဉ် မိုင်တိုင်(၉၂/၂)နှင့် (၉၂/၃)အကြား တောမလမ်းဆုံအနီးတွင် လမ်း၏ ဝဲဘက်ခြမ်းရှိ ရှစ်ပေခန့် နက်သော ချောက်အတွင်းသို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် သန်းစိုးလင်းနှင့် ဇာနည်တိုးတို့သည် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်း ဝင်းမြင့်အောင်တွင် ဒဏ်ရာများ ရရှိခဲ့သောကြောင့် ဆေးမင်းတော တိုက်နယ် ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစဉ် သေဆုံး သွားခဲ့ကြောင်း သိရသည်။
ကျော်ဇေယျ - The Mirror Daily

မှတ်ချက်များ