မနုဿဗေဒ ကျောင်းသားနှစ်ဦး နှစ် ၅၆၀၀၀၀ရှိ လူသွားတစ်ချောင်း တူးဖော်တွေ့ရှိ
မနုဿ ဗေဒကျောင်းသားနှစ်ဦးသည် ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း သမိုင်းခေတ်ဦးဂူ တစ်လုံးအတွင်းမှ နှစ်သက်တမ်း ၅၆၀၀၀၀ ကြာမြင့်သည့် လူသွားတစ်ချောင်း တူးဖော်တွေ့ရှိခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က သိပ္ပံပညာရှင်များ ဦးဆောင်၍ နာမည်ကျော် တူတာဗယ်ဂူတွင် မနုဿဗေဒ ပညာရှင်နှင့် ကျောင်းသားများ တူးဖော်မှု ပြုလုပ်ခဲ့ရာ၌ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
နှစ်သက်တမ်း ၅၆၀၀၀၀ ကြာမြင့်သည့် အဆိုပါ သွားသည် ပြင်သစ်နိုင်ငံတွင် တွေ့ရှိရသည့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများအနက် သက်တမ်းအရင့်ဆုံးဖြစ်ပြီး ဥရောပတစ်ဝိုက်တွင် အဆိုပါအချိန်အပိုင်းအခြား၌ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ မြင်တွေ့ရခဲသည်။
ယခုတွေ့ရှိသည့်သွားက စပိန်နှင့် ပြင်သစ်နိုင်ငံတို့တွင် တွေ့ရှိခဲ့သည့် သက်တမ်းအရင့်ဆုံး လူသား ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် မကြာသေးမီက တွေ့ရှိခဲ့သော လူသား ကျောက်ဖြစ်ရုပ်ကြွင်းများကြား ကွင်းဆက်ပြတ်နေမှုကို ချိတ်ဆက်ပေးနိုင်လိမ့်မည်ဟု တူတာဗယ်မနုဿဗေဒ ဓာတ်ခွဲခန်းမှ သုတေသနပညာရှင် တိုနီက ပြောသည်။
လွန်ခဲ့သည့် နှစ် ၅၀ကတည်းက တူတာဗယ်ဂူတွင် တူးဖော်မှုများ ပြုလုပ်ခဲ့ရာ ၁၉၇၀ ခုနှစ်က နှစ်သက်တမ်း ၄၅၀၀၀၀ရှိသည့် လူဦးခေါင်းခွံ ရှာဖွေတွေ့ရှိခဲ့ဖူးပြီး ကမ္ဘာတစ်လွှားရှိ မနုဿဗေဒ ပညာရှင်များက တူတာဗယ်ဂူကို လူသားသမိုင်းနှင့် ပတ်သက်၍ ရည်ညွန်းရမည့် နေရာ
တစ်ခုအဖြစ် အသိအမှတ်ပြုထားကြသည်။
ရိုးရာလေး

မှတ်ချက်များ