သမ္မတနှင့် ဖရူဆိုမြို့နယ်မှ လူထုတွေ့ဆုံပွဲ အခမ်းအနား မပြုလုပ်နိုင်ခဲ့

သမ္မတတွေ့ဆုံပွဲအတွက် စောင့်နေကြသူများ (ဓါတ်ပုံ-ကေတီ)
အစိုးရသစ်သက်တမ်းတစ်လျှောက် ပထမဆုံးအကြိမ် ကယားပြည်နယ်သို့ ရောက်ရှိလာသည့် သမ္မတဦးသိန်းစိန်သည် ဖရူဆိုမြို့နယ်မှ လူထုများတွေ့ဆုံပွဲ အစီအစဉ်တွင် နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းကြောင့် ကျေးရွာလူထုကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲ အခမ်းအနား မပြုလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

သမ္မတ တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဦးအန်တောညိုက “ဒီမှာလာမယ် ထွေအုပ်တွေပြောတော့ တစ်ရွာကို ၅ ယောက် ၆ ယောက်လာရမယ်ဆိုလို့ ကျနော်တို့ ဒီမှာ လာစောင့်နေတာပေါ့ ဆေးရုံနဲ့ ကျောင်းသွားပြီးပြီ ပြောတော့ ကျနော်တို့စောင့်တဲ့လူက ပြန်သွားရတော့တာပေါ” ဟု ပြောသည်။

ဇူလိုင်လ ၁၇ ရက်နေ့ သမ္မနှင့်တွေ့ဆုံရန် အခမ်းအနားကို ဖရူဆိုမြို့ ခန်းမဆောင်အသစ်တွင် ကြိုတင်ပြင်ဆင်ထားကြပြီး ကျေးရွာလူထု ကိုယ်စားလှယ်တချို့များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတချို့တို့က မနက် ၁၀ နာရီမှာ စတင် စောင့်ဆိုင်းနေခဲ့ကြသည်။


သို့သော် သမ္မတမှာ နေ့လည်ချိန်တွင်ရောက် ရှိလာပြီး ဆေးရုံ နှင့် အထက်တန်းကျောင်းသို့ သွားရောက်ခဲ့ပြီး ပြန်လှည့်ပြန် သွားသည့်အတွက် ခန်းမဆောင်တွင် စောင့်ဆိုင်းနေ ခဲ့ကြသည့် ပြည်သူများမှာ ကျေနပ်မှု မရှိကြောင်း ဒေါကုခူကျေးရွာမှ ဦးဖရေးရယ် ကပြောသည်။

၎င်းက “ကျေးရွာအသီးသီးက လိုအပ်ချက်တွေ မီးကိစ္စတွေ တင်ပြချင်တယ်။ မျှော်လင့်ချက်ကြီးကြီးနဲ့ လာခဲ့တာပေါ့။ ကျနော်တို့ကို ပြန်မတွေ့တော့ အားရကျေနပ်မှုမရှိဘူးပေါ့” ဟု ပြောသည်။

သမ္မတနှင့် တွေ့ဆုံခွင့်ရရှိပါက ဖရူဆိုမြို့နယ်၏ အခက်အခဲဆုံးဖြစ်သည့် ရေရှားပါးမှုပြဿနာကို တင်ပြရန် စီစဉ်ထားသည်ဟု ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရီးချက်က ပြောသည်။

“တကယ်လို့တွေ့ခွင့်ရခဲ့မယ်ဆိုရင် ကျနော်တို့ မြို့နယ်မှာ အခက်အခဲရှိဆုံး သူ့ကို တင်ပြချင်တာပေါ့နော်။ ဖရူဆိုမြို့နယ်မှာအခက်အခဲဆုံးက ရေပေါ့။ အဲဒီရေတစ်ခု ပြောဆိုခွင့်ရှိခဲ့ရင် အဲဒီတစ်ခု တင်ပြဖို့ပေါ့။ တောင်းလည်းတောင်းဆိုချင်တာပေါ့နော်” ဟု ဦးရီးချက်က ပြောသည်။

သမ္မတလာမည်ဟု ဆိုသည့်အတွက် ကျေးရွာအုပ်စုအလိုက် တစ်အုပ်စုလျှင် အနည်းဆုံး အယောက် ၃၀ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

ကယားထဲ - ကန္တာရ၀တီတိုင်း(မ်)

မှတ်ချက်များ