မကွေးတိုင်းဒေသကြီးအတွင်းမှာ ဇူလိုင် ၂၄ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ မိုးရက်ဆက်ရွာသွန်းမှုကြောင့် မုန်းချောင်းနဲ့ မန်းချောင်း ရေလျှံမှုတွေဖြစ်ခဲ့ပါတယ်။
မန်းချောင်းအထက်ဘက် ငဖဲမြို့နယ်အတွင်းမှ တံတားသုံးစင်းကျိုးကာ စေတုတ္တရာ၊ ပွင့်ဖြူ၊ ငဖဲ၊ မင်းဘူး (စကု) မြို့နယ်တွေက ကျေးရွာပေါင်း ၈၀ လောက်မှ စပါးနဲ့နှမ်းစိုက်ခင်း ဧက ၅၀၀၀ ကျော် ရေနစ်ပျက်စီးခဲ့ပါတယ်။
စကုမြို့နယ် မန်းကျင်းရပ်၊ ဥယျာဉ်ဇဉ်ကျေးရွာမှ လူနေအိမ် ၁၀၀ ကျော်နှင့် ငဖဲမြို့နယ်မှ လူနေအိမ် ၇၀ ကျော် ရေနစ်မြုပ်နေခဲ့ပြီး လူဦးရေ ၅၀၀ လောက် ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေရပါတယ်။
မန်းချောင်းရေ ဆက်တိုက်မြင့်တက်နေတာကြောင့် ငဖဲမြို့နဲ့ ဆက်သွယ်ထားတဲ့ အိုးမြေရင်း၊ ချောင်းဖြူ၊ ဆီးတော ကျေးရွာတွေက တံတားသုံးစင်း ဇူလိုင် ၂၇ ရက်နေ့က ကျိုးကျခဲ့လို့ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ပြီး စားသောက်ကုန်တွေ သယ်ယူရတဲ့ အခက်အခဲတွေ ကြုံတွေ့နေရကြောင်း သိရပါတယ်။
သတင်းဓာတ်ပုံ – ဇော်ဖေ / DVB







မှတ်ချက်များ