နောင်တုံကန် အတွင်းရှိ ငါးများ အစုအလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပွားနေ
ရှမ်းပြည်နယ် ၊ ကျိုင်းတုံမြို့ ရှိ နောင်တုံ ရေကန်ကြီးအတွင်းက ငါးများ အစုအလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်ပွားနေကြောင်းသိရသည်။
အဆိုပါ နောင်တုံကန်ကြီးသည် အကျယ် ၃၃ ဧက ရှိပြီး လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်ကျော်လောက်က စတင်ကာ ကန်းအတွင်း ငါးဖမ်းခွင့်အတွက် အင်းလေလံချပေး ထားခဲ့ကြောင်း ဒေသခံများ က ပြောပါသည်။
ကျိုင်းတုံ မြို့ ခံ စိုင်းဇော်မင်းက " ဒီကန်ကြီးကို အရင်အစိုးရ လက်ထက်မှာ လေလံပေးခဲ့တယ်။ ဒီနှစ်တော့ လေလံယူထားတဲ့ စီးပွားရေးလုပ်ငန်းရှင် ကလည်း သူ ဆက်မလုပ်တော့ဘူးဆိုပြီး အုပ်ချုပ်ရေးမှူး ၅ ယောက်ဆီကို ပြန်လွှဲပေးလိုက်တယ်။ အဲဒီ အလွှဲအပြောင်း စပ်ကူးမပ်ကူး ရက်လေးမှာပဲ ဒီငါးသေတဲ့ ကိစ္စဖြစ်သွားတာပါ။ ပြီးခဲ့တဲ့ ၁၉ ရက်နေ့ က ငါးလေးတွေ အသက်ရှူ မ၀လို့  ထင်တယ်။ ရေပေါ်တက်လာကြတယ်။ ၂၀ ၊ ၂၁ ရက်နေ့ တွေမှာ စသေကြတော့တာပဲ။ အခု ၂၂ ရက်နေ့ ထိလည်း ငါအသေတွေတက်လာနေသေးတယ်။ အခု ခရိုင်အုပ်ချုပ်ရေးမှူး အပါအ၀င် အင်အား ၂၀၀ လောက်နဲ့ ငါအသေကောင်းတွေကို ကန်ကြီးထဲက ရှင်းလင်းနေပါတယ် " ဟု ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ပြောပါသည်။
ငါးသေဆုံးရခြင်းနှင့်ပတ်သက်ပြီး ရာသီဥတုကြောင့် ဖြစ်နိုင်သလို ၊ ကန်းအတွင်းက ရေဆိုးများကို အချိန်မှီလဲလှယ် နိုင်ခြင်း မရှိခြင်း နှင့် ရေ၀င်ရေထွက်ချောင်းများ ကောင်းစွာစီးဆင်းခြင်း မရှိခြင်းတို့ ကြောင့်လည်း ဖြစ်နိုင်ကြောင်း စိုင်းဇော်မင်း ကဆက်ပြောပါသည်။ ၂၀၁၀ ပြည့်နှစ် နှင့် ၂၀၁၃ ခုနှစ်များတွင်လည်း အလားတူ ငါသေဆုံးမှု များ ရှိခဲ့ကြောင်း သိရသည်။
ယမန်နေ့ အထိ ငါအသေကောင် ထည့်ထားသော ဆာလာအိတ်ပေါင်း ၁၅၀ ကျော်ရှိသွားပြီးဖြစ်ကြောင်း နှင့် ကား ၅ စီးတိုက်မျှ စွန့် ပစ်ခဲ့ပြီး ဖြစ်ကြောင်း ငါကန်းရှင်လင်းရေး လုပ်ဆောင်နေသည့် ဒေသခံတစ်ဦးက ပြောသည်။ ထို့ ပြင် ယနေ့ အချိန်ထိ လည်း ငါအသေကောင်းများ ဆက်လက်ပေါ်ထွက်လာနေဆဲ ဖြစ်၍ စွန့် ပစ်ခြင်း လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်လျှက် ရှိကြောင်းသိရသည်။(ဓါတ်ပုံ - စိုင်းဇော်မင်း)
မင်းညီ - Yangon Media Group





မှတ်ချက်များ