မစဲဘဲရွာသောမိုးကြောင့် ညောင်လေးပင်နှင့်ကျောက်တံခါးမြို့နယ်၌ ချောင်းရေလျှံ ကျေးရွာအချို့ ရေလွှမ်း
မိုးတွင်းကာလ မြစ်ရေချောင်း ရေကြီးခြင်းနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ရှိ ပိန်းဇလုပ်မြို့ မြို့မ(၁)ရပ်ကွက်၏ အနိမ့်ပိုင်းနှင့် မြို့အတွင်း ဖြတ်သန်းစီးဆင်းလျက် ရှိသော အုန်းနှဲသာချောင်းရေလျှံ၍ ချောင်းအနီး မြို့မ(၂) ရပ်ကွက်အချို့ တွင် ရေဝင်ရောက်မှုများ ဇူလိုင် ၂၆ရက် မွန်းလွဲပိုင်းက စတင်ဖြစ်ပေါ် လျက်ရှိသည်။
အဆိုပါ ရေကြီးရေလျှံဖြစ်ပေါ် နေသော ပိန်းဇလုပ်မြို့ မြို့မ(၁)၊ မြို့မ(၂) ရပ်ကွက်အတွင်း လယ်ယာ မြေ ဧက ၁၅ဝ နှင့် လူနေအိမ်ခြေ ၁ဝ၈၅ အိမ်ခန့် ရေဝင်ရောက်ခဲ့ကာ ဒေသခံပြည်သူများ သိုလှောင်ထား သည့်ဆန်စပါးအိတ်များကို ရေလွတ် ရာသို့ပြောင်းရွှေ့ခဲ့ပြီး မြို့မ(၂) ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)အား ခေတ္တပိတ်ထား ခဲ့သည်။ ရေဝင်ရောက်မှုကြောင့် လူ၊ တိရစ္ဆာန်နှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
ထို့နောက် ဇူလိုင် ၂၇ ရက် နံနက် နှင့် မွန်းလွဲပိုင်းအထိ တဖွဲဖွဲရွာသွန်းခဲ့ သောမိုးသည် ညနေ ၄ နာရီမှ ညဥ့်နက်ပိုင်းအထိ သဲသဲမဲမဲ မစဲဘဲ ရွာသွန်းခဲ့သဖြင့် ညောင်လေးပင် မြို့နယ်နှင့် ကျောက်တံခါးမြို့နယ် နှစ်မြို့နယ်ကျေးရွာချင်းဆက် ဂဝံလမ်း (ပိန်းဇလုပ်- ရွာမ-ကညင်ကျိုး) လမ်း အရှည် တစ်မိုင်ကျော်ပေါ်ရေတစ်ပေ ကျော်ခန့်အထိမြင့်တက်ခဲ့၍ ကျေးရွာ နေဒေသခံပြည်သူများ ခက်ခဲစွာ သွားလာနေရသည်။ အဆိုပါလမ်း အနီး ဆက်စပ်လျက်ရှိသော ခင်ကန့် လန့်ကျေးရွာ၊ ပိန်းဇလုပ်-ရွာမကျေးရွာ ရှိ လူနေအိမ်ခြေအချို့ထံသို့ ရေဝင် ရောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် အဆိုပါမြို့နယ် နှစ်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်း လျက်ရှိသော မုက္ခမူ(ချိန်းချောင်း) ရေလျှံမှုကြောင့်လည်း ညောင်လေးပင် မြို့နယ်၊ ပိန်းဇလုပ်-ရွာမ၊ ခင်ကန့်လန့် ကျေးရွာအနီးနှင့် ကျောက်တံခါး မြို့နယ် ကညင်ကျိုးကျေးရွာအနီး ဝန်းကျင် လယ်ယာမြေအချို့ ရေလွှမ်း မိုးမှု ဖြစ်ပေါ်လျက်ရှိကြောင်း ထပ်မံ သိရှိရသည်။
ပိန်းဇလုပ်-သိန်းညွန့် / Myanmaalinn


မှတ်ချက်များ