(၆၈) နှစ်မြောက် အာဇာနည်နေ့သို့ ဒုတိယသမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ တက်ရောက်မည်
ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၆၈)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ တက်ရောက်မည်ဖြစ်ကြောင်း အာဇာနည်နေ့ အခမ်းအနားတွင် လုံခြုံရေး တာဝန်ယူမည့် ရဲအရာရှိကြီးများထံမှ သိရသည်။ “ဒီနှစ်မှာလည်း ဒုတိယသမ္မတ ကိုယ်တိုင်လာရောက်ပြီး ပန်းခွေချ အလေးပြုမယ်လို့ သိရှိထားပါတယ်။ မဏ္ဍိုင်သုံးရပ်က ပုဂ်္ဂိုလ်ကြီးတွေလည်း လာမှာပါ။ ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်တို့ ၊ ဥက္ကဋ္ဌကြီး သူရ ဦးရွှေမန်းတို့၊ မနှစ်ကလိုပဲ လာရောက် အလေးပြုကြမှာပါ”ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးချုပ် တစ်ဦးက The Messenger Media သို့ ပြောသည်။
လမ်းစဉ် ပါတီလက်ထက်မှ စ၍ အာဇာနည်နေ့ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးက ဦးဆောင်လုပ်ကိုင်ခဲ့ပြီး၊ အစိုးရသစ် လက်ထက်တွင် ၂၀၁၄ ခုနှစ်မှစ၍ ဒုတိယ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ တက်ရောက် အလေးပြုခဲ့သည်။ အာဇာနည်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်ကိုပါ ဖွင့်လှစ်ထားမည် ဖြစ်ပြီး၊ နယ်မြေလုံခြုံရေး အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပြင် SB၊ CID ၊ ယာဉ်ထိန်း၊ မူးယစ် ရဲတပ်ဖွဲ့၊ ရဲတပ်ရင်း များကပါ အင်အားပြည့် လုံခြုံရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။ အစိုးရသစ် လက်ထက်တွင် အာဇာနည်နေ့ အခမ်းအနား တက်ရောက်အလေးပြုသူ လူဦးရေမှာ တစ်သောင်းမှ နှစ်သောင်းအထိ ရှိလာကြောင်းလည်း ရဲတပ်ဖွဲ့က ဆိုသည်။
“အစိုးရအဖွဲ့ ဆိုတာလည်း လုပ်ငန်းတွေရှိတယ်။ ဒုတိယ သမ္မတ တက်ရောက်တာ များပါတယ်။ သမ္မတကြီး တက်ရောက်နိုင်ရင် ကောင်းတာပေါ့။ ဒါပေမဲ့ လုပ်ငန်းအပေါ် မူတည်ပြီး တက်မယ်ထင်ပါတယ်။ အစိုးရသစ် လက်ထက်မှာတော့ အခမ်းအနားက ကျေနပ်မှုရှိပါတယ်”ဟု ၀ါရင့်နိုင်ငံရေးသမား ဦးသုဝေက The Messenger Media သို့ ပြောသည်။
အာဇာနည်နေ့ အခမ်းအနားများကို တစ်နိုင်ငံလုံးတွင် ကျင်းပလေ့ရှိပြီး၊ ယခင် စစ်အစိုးရ လက်ထက်ကထက် ယခု အစိုးရသစ် လက်ထက်တွင် ပွင့်ပွင့်လင်းလင်း ကျင်းပခွင့်ရလာခဲ့ခြင်း ဖြစ်ပြီး၊ ယခုနှစ်သည် (၆၈)နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။
messenger

မှတ်ချက်များ