![]() |
| ပြင်သစ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လုံခြုံရေးတွေ တိုးမြင့်ထား (Credit: Reuters) |
ပြည်ထဲရေးရာဝန်ကြီး Bernard Cazeneuve က အကြမ်းဖက်ဖို့ ကြံစည်သူတွေထဲမှာ ရေတပ် အမှုထမ်းဟောင်းတစ်ဦးလည်း ပါဝင်ပြီး အဲဒီလူတွေက စစ်တပ်အဆောက်အဦးကို ဖျက်ဆီးဖို့နဲ့ ခေါင်းဖြတ်မှုတွေလုပ်ဖို့ ကြံစည်ခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၁၆ နှစ်ကနေ ၂၃ နှစ်အကြားရှိတဲ့ လူ ၄ ယောက်ကို ပြင်သစ်နိုင်ငံ တလွှားမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီ လူ ၄ ယောက်ဟာ ပြင်သစ်စစ်သား တစ်ယောက်ကို ဖမ်းဆီးပြီး ခေါင်းဖြတ်သတ်ဖို့ ကြံစည်ပြီး အဲဒီလုပ်ရပ်တွေကို ဗီဒီယိုမှာ မှတ်တမ်းတင်ဖို့တောင် ကြိုးစားခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီ လေးယောက်ထဲက ခေါင်းဆောင်ဖြစ်သူက ဆီးရီးယားနိုင်ငံကို သွားဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကပဲ မြို့ငယ်တစ်ခုက ရေနံစက်ရုံတစ်ခုမှာ ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ရေနံသိုလှောင်တဲ့ ကန်နဲ့ naphtha လို့ခေါ်တဲ့ ဓာတုတွေ လှောင်ထားတဲ့ ကန်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပေမယ့် ထိခိုက် ဒဏ်ရာရမှုတွေ မရှိခဲ့ပါဘူး။
တတိယ သိုလှောင်ရုံတစ်ခုမှာ ဖောက်ခွဲရေး ပစ္စည်းတွေ တွေ့ခဲ့ပေမယ့် ကြီးကျယ်တဲ့ ပေါက်ကွဲမှုတွေ မဖြစ်ခဲ့ပါဘူး။
အရင်လတုန်းကပဲ IS အစ္စလာမ်မစ် အဖွဲ့နဲ့ ဆက်စပ်တဲ့ လူတစ်ယောက်က သူ့အလုပ်ရှင်ရဲ့ ခေါင်းကို အမေရိကန်ပိုင် ဓာတ်ငွေ့စက်ရုံရဲ့ ခြံစည်းရိုးမှာ တင်ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း သေနတ် သမားတချို့ရဲ့ လုပ်ရပ်ကြောင့် ပြင်သစ်နိုင်ငံသား ၁၇ ယောက် သေဆုံးခဲ့ရပါတယ်။
ABC Radio Australia

မှတ်ချက်များ