၁၉၃၉ ခုနှစ် Wizard of Oz ဇာတ်ကားထဲမှ ခိုးခံထားရတဲ့ ပတ္တမြားဖိနပ်ကို ပြန်ပေးနိုင်သူအား အမည်မသိသူတစ်ဦးက ဒေါ်လာ ၁ သန်း ပေးမည်





2005 ခုနှစ်ကတည်းက ခိုးခံထားရတဲ့ Wizard of Oz ဇာတ်ကားထဲက အနီရောင်ပတ္တမြားရှူးဖိနပ်လေးတစ်ရံကို ပြန်ပေးမယ်ဆိုရင် ဒါမှမဟုတ် ဖိနပ်ရောက်ရှိနေတဲ့နေရာနဲ့ ပတ်သက်တဲ့အချက်အလက် ပံ့ပိုးပေးမယ်ဆိုရင် ဒေါ်လာ ၁ သန်းပေးမယ်လို့ အမည်မသိသူတစ်ဦးက ဆိုလာပါတယ်။

ဒီဖိနပ်ကို ၁၉၃၉ ခုနှစ်က အမေရိကန်ဂီတဟာသဇာတ်မြူးကားထဲ The Wizard of Oz ထဲမှာ မင်းသမီး ဂျူဒီဂါးလန်းက စီးနင်းခဲ့ပြီး မေးခွန်းထုတ်စရာတွေ ပြည့်နှက်နေတဲ့ ဖိနပ်ပါပဲ။ Grand Rapids မြို့ရှိ ဂျူဒီ ဂါးလန်းပြတိုက်ကနေ ဒီသမိုင်းဝင်ဖိနပ်တွေ ခိုးခံခဲ့ရတယ်လို့ ရဲတွေက ၂၀၀၅ ခုနှစ် သြဂုတ် ၂၈ ရက်က ပြောပါတယ်။ ဖိနပ်ထည့်ထားတဲ့ ဖန်ဘူးကတော့ ဘေ့စ်ဘောတုတ်နဲ့ ရိုက်ခွဲခံခဲ့ရပြီး တခြားတော့ ဘာမှပါမသွားခဲ့ဘူးလို့ သိရပါတယ်။

ဖိနပ်တွေကို ဒေါ်လာ ၁ သန်းနဲ့ အာမခံထားခဲ့ဖူးပြီး ယခုအချိန်တွင် ဒေါ်လာ ၂ သန်းမှ ၃ သန်းခန့်အထိ တန်ကြေးရှိနိုင်တယ်လို့ ပြတိုက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖိုးသူတော်

မှတ်ချက်များ