![]() |
| လေးမျက်နှာမြို့နယ်ရှိ နေအိမ်တစ်ခုအတွင်း ရေ၀င်ရောက်နေသည်ကို တွေ့ရစဉ် |
![]() |
| ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာရှိ လူနေအိမ်များအတွင်း ရေ၀င်ရောက်နေသည်ကို တွေ့ရစဉ် |
![]() |
| တောင်သာမြို့နယ် လိပ်ကုန်းကျေးရွာအတွင်း ရေများတင်ကျန်နေဆဲအနေအထားကို သြဂုတ် ၈ ရက်က တွေ့ရစဉ် |
![]() |
| အသုတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေစဉ် |
င၀န်မြစ်ရေကြီးမှုကြောင့် ရေကာတာအပြင်ဘက် လေးမျက်နှာမြို့နယ် အနောက်ဘက်ခြမ်းဒေသရှိ လှော်ကထားတိုက်နယ်နှင့် ပန်းတောကြီးတိုက်နယ်တို့ရှိ ကျေးရွာ ၂၀ နီးပါး ရေနစ်မြုပ်မှုဒဏ်ခံနေရခြင်းဖြစ်ပြီး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားခြင်း မရှိသေးဘဲ ရေနစ်မြုပ်နေသော နေအိမ်များတွင် တိရစ္ဆာန်နှင့်အတူ ဆင့်ထိုးနေထိုင်နေရကြောင်း သိရသည်။
“မြန်မာပြည်အထက်ပိုင်းက ရေတွေ ဆင်းလာတော့ င၀န်မြစ်ရေ ကြီးလာတယ်။ အဲဒီတော့ ရေကာတာနဲ့ ပုသိမ်-မုံရွာကားလမ်းမကြားမှာရှိတဲ့ လေးမျက်နှာ အနောက်ဘက်ခြမ်းကျေးရွာတွေမှာ ရေကြီးတယ်။ အခု ၁၀ ရက်ကျော်ပြီ ရေမကျသေးဘူး။ တိုးလာတယ်။ ကိုင်းမြေပေါ် ရေလွှမ်းတဲ့နေရာတွေက ရေနက်ပြီး ရေစီးကြမ်းတယ်။ ရေပြင်ကျယ်ကြီးဖြစ်နေတာ။ ရေစီးတဲ့ရေကြောက လေထန်တာနဲ့ လှိုင်းထလာတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာဆိုရင် အင်းတော်ရွာနဲ့ ရေသိုးရွာကြားမှာ စက်လှေမှောက်လို့ လူနှစ်ယောက် သေသွားတယ်။ ဒီဒေသမှာ ကယ်ဆယ်ရေးစခန်းဆိုတာ မရှိဘူး။ ရေက အိမ်အမိုးနား အထိရောက်နေပြီ။
ဆင့်ထိုးနေကြရတယ်။ လှော်ကထားတိုက်နယ်ထဲက ရွာတစ်ရွာမှာဆိုရင် ရေကြီးလို့ အိမ်ဆင့်ထိုးနေရင်း ကလေးငယ်လေးတစ်ယောက် ပြုတ်ကျလို့ သေသွားခဲ့ရတယ်။ နောက်ထပ် တစ်ပေလောက် ရေတက်လာရင် အိမ်အမိုးထိပါ မြုပ်တော့မယ်။ ကုပ်ကပ်ပြီးတောင် နေလို့ရမှာမဟုတ်တော့ဘူး။ ရေလွတ်ရာနေရာကို ကယ်ဆယ်ရေးလုပ်ပေးဖို့ အရေးတကြီး လိုအပ်နေပြီ။ ကျွန်တော်တို့က ကုန်းမြင့်ပိုင်းမှာဆိုတော့ ကယ်ဆယ်ရေးလုပ်ပေးချင်ပေမယ့် ဆက်သွယ်ရေးလမ်းတွေက ရေမြုပ်နေတော့ အခက်အခဲရှိတယ်။ ကူညီကယ်ဆယ်ရေးတွေ လုပ်နိုင်ဖို့ အစိုးရရဲ့ကူညီပံ့ပိုးပေးမှုနဲ့ အလှူရှင်တွေရဲ့ ပံ့ပိုးမှုတွေ လိုအပ်နေပါတယ်”ဟု ရေဘေးသင့်သူများကို ကူညီပေးနေသူ လှော်ကထားတိုက်နယ်မှ ဦးချိုထွန်းက ပြောကြားသည်။
“ရေကမြုပ်နေလို့ အမိုးနားထိ ဆင့်ထိုးပြီးနေနေရတယ်။ စာသင်ကျောင်းတွေလည်း ရေမြုပ်နေတော့ ကလေးတွေကိုလည်း ကျောင်း ပိတ်ထားတယ်။ စိုက်ပျိုးစားသောက်တဲ့ လုပ်စားမြေအားလုံး ရေမြုပ်နေပြီ။ လှေမှောက်ရင် အန္တရာယ်ရှိနိုင်လို့ ငါးထွက်ဖမ်းဖို့လည်း အဆင်မပြေဘူး။ ရေများနေတဲ့အချိန် လှေကသေးတော့ လှိုင်းဒဏ်လေဒဏ် မခံနိုင်ဘူး။ စားစရာကလည်းမရှိတော့ အလှူရှင်ကိုပဲ မျှော်နေရတယ်။ ကုန်းမြင့်ပိုင်းနေရာက ကူညီတဲ့သူတွေကတော့ အလှူရှင်ရှိရင် ရွာတွေကို ချက်ပို့တယ်။ လာပြီးလှူတဲ့သူနည်းတော့ တစ်နေ့ကို တစ်နပ်စားရဖို့တောင် မလွယ်ဘူး”ဟု လေးမျက်နှာမြို့နယ် အနောက်ခြမ်း၊ ကြီးပေါက်ကုန်းကျေးရွာမှ ဒေသခံရွာသားတစ်ဦးက ပြောကြားသည်။
ရေဘေးဒုက္ခခံစားနေသည့် လေးမျက်နှာမြို့နယ် အနောက်ဘက်ခြမ်းဒေသရှိ ကျေးရွာများမှ ဒေသခံများမှီခိုနေရသော လှော်ကထားတိုက်နယ်ဆေးရုံတွင်လည်း ရေ၀င်နေမှုကြောင့် လူနာများပြောင်းရွှေ့ရေး စီစဉ်နေရကြောင်း သိရသည်။
ဧရာဝတီမြစ်ရေသည် ဟင်္သာတခရိုင်တွင်း ဟင်္သာတ၊ ဇလွန်၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့များ၌ ရေအနည်းငယ် ကျလာသော်လည်း စိုးရိမ်ရေမှတ်အထက် ရှိနေဆဲဖြစ်ပြီး င၀န်မြစ်ရေမှာမူ လေးမျက်နှာမြို့၌ စိုးရိမ်ရေမှတ်အထက် ရေတန့်နေကြောင်း သိရသည်။
ဧရာဝတီမြစ်ရေသည် ဟင်္သာတမြို့၏ စိုးရိမ်ရေမှတ် ၄၄ ပေထက် ၃ ဒသမ ၇၅ ပေ ကျော်လွန်နေကြောင်း၊ ဇလွန်မြို့၏ စိုးရိမ်ရေမှတ် ၃၈ ဒသမ ၀၅ ပေထက် ၃ ဒသမ၂၅ ပေ ကျော်လွန်နေကြောင်း၊ မြန်အောင်မြို့၏ စိုးရိမ်ရေမှတ် ၆၇ ပေထက် ၂ ဒသမ ၆၀ ပေ ကျော်လွန်နေကြောင်း၊ ကြံခင်းမြို့၏ စိုးရိမ်ရေမှတ် ၇၂ ပေထက် နှစ်ပေ ကျော်လွန်နေကြောင်း၊ အင်္ဂပူမြို့၏ စိုးရိမ်ရေမှတ် ၄၈ ပေ ထက် ၄ ဒသမ ၁၀ ပေ ကျော်လွန်နေကြောင်း၊ င၀န်မြစ်ရေသည်လည်း လေးမျက်နှာမြို့၏ စိုးရိမ်ရေမှတ် ၃၄ ပေထက် ၂ ဒသမ ၃၅ ပေ ကျော်လွန်နေကြောင်း ဆည်မြောင်းဦးစီးဌာန၏ သြဂုတ် ၈ ရက် ညနေ ၄ နာရီအချိန် တိုင်းတာချက်အရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ ရေလှောင်တမံကြီးလေးခု၌ နန်ကသူရေလှောင်တမံ တစ်ခုသာ ကန်ရေပြည့်အမှတ်အောက် လျော့ကျလာပြီး ကွန်ချောင်း၊ မမြနှင့် ကညင်ရေလှောင်တမံတို့မှာမူ ရေအနည်းငယ် လျော့ကျလာသော်လည်း ကန်ရေပြည့်အမှတ်အထက် ကျော်လွန်နေဆဲဖြစ်ကြောင်း သိရသည်။
ကြံခင်းမြို့နယ်ရှိ ကွန်ချောင်းရေလှောင်တမံ၌ ရေမှတ် ၂၇၇ ဒသမ ၆ ပေရှိနေသဖြင့် ကန်ရေပြည့် အမှတ် ၂၇၇ ပေ ထက် ၀ ဒသမ ၆ ပေ ကျော်လွန်ကာ ရေပိုလွှဲအထက်ရှိနေဆဲဖြစ်ပြီး ဇူလိုင် ၂၈ ရက်ကမူ ကန်ရေပြည့် အမှတ်ထက် ၂ ဒသမ ၁ ပေအထိ ကျော်လွန် ရောက်ရှိခဲ့ကြောင်း၊ အင်္ဂပူမြို့နယ်ရှိ နန်ကသူ ရေလှောင်တမံ၌ ရေမှတ် ၂၅၉ ဒသမ ၁၀ ပေရှိနေသဖြင့် ကန်ရေပြည့်အမှတ် ၂၆၀ ပေအောက် လျော့ကျလာကြောင်း၊ မြန်အောင်မြို့နယ်၊ မမြရေလှောင်တမံ၌ ရေမှတ် ၃၁၅ ဒသမ ၂ ပေရှိနေသဖြင့် ကန်ရေပြည့်အမှတ် ၃၁၅ ပေထက် ၀ ဒသမ ၂ ပေ ကျော်လွန်ကာ ရေပိုလွှဲအထက် ရှိနေဆဲဖြစ်ပြီး ဇူလိုင် ၃၁ ရက်ကမူ ကန်ရေပြည့်အမှတ်ထက် လေးပေအထိ ကျော်လွန်ရောက်ရှိခဲ့ကြောင်း၊ အင်္ဂပူမြို့နယ်၊ ကညင်ရေလှောင်တမံ၌ ရေမှတ် ၂၈၉ ဒသမ ၂ ပေရှိနေသဖြင့် ကန်ရေပြည့်အမှတ် ၂၈၈ ပေထက် ၁ ဒသမ ၂ ပေ ကျော်လွန်ကာ ရေပိုလွှဲအထက် ရှိနေဆဲဖြစ်ပြီး ဇူလိုင် ၂၈ ရက်ကမူ ကန်ရေပြည့်အမှတ်ထက် ၈ ဒသမ ၁ ပေ အထိ ကျော်လွန်ရောက်ရှိခဲ့ကြောင်း ဆည်မြောင်းဦးစီးဌာန၏ သြဂုတ် ၈ ရက် ညနေ ၄ နာရီအချိန် တိုင်းတာချက်များအရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့တွင် င၀န်မြစ်ရေတက်လာမှုကြောင့် ကယ်ဆယ်ရေးစခန်းများပါ ဖွင့်ထားရပြီး ဈေးများပါ နေရာပြောင်းရွှေ့ထားရကြောင်း သြဂုတ် ၈ ရက် ညနေ ၅ နာရီခန့်တွင် တွေ့ရသည်။
မြို့တွင်းရေ၀င်ရောက်မှုကြောင့် မြို့တွင်း ဖြတ်သန်းသွားရသော ပုသိမ်-မုံရွာ လမ်းမကြီး၏ လမ်းပိုင်းတစ်ခုဖြစ်သော မိုင်တိုင် ၄၂/၁ နှင့် ၄၂/၂ ဖာလုံအတွင်းသို့ ရေလျှံမှုများ ဖြစ်ပေါ်ကာ လမ်းဦးစီးဌာနမှ ကြို တင်ကာကွယ်မှုများ ပြုလုပ်ထားရကြောင်း သိရသည်။
“ဒီနေ့ နေ့လယ် ၁၁ နာရီလောက်မှာမှ ကားလမ်းကို ရေကျော်ဝင်လာတာ အပျက်အစီး မရှိပါဘူး။ အခု လမ်းပခုံးမှာ ၀ါးတိုင်တွေ စိုက်ပြီးတော့ အန္တရာယ်ကင်းအောင် လုပ်ထားပါတယ်”ဟု အသုတ်မြို့နယ် လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ (၂) ဒေါ်အေးအေးဝင်းက ပြောကြားသည်။
မကွေးတိုင်းဒေသကြီးအတွင်း၌လည်း ဧရာဝတီမြစ်ရေသည် သြဂုတ် ၇ ရက် ညပိုင်းက တစ်ပေခန့် လျော့နည်းသွားခဲ့ကြောင်း သိရသည်။ သို့သော် မြစ်ဘေးဝဲယာရှိ ချောက်၊ စလင်း၊ ဆိပ်ဖြူ၊ ပွင့်ဖြူ၊ ရေနံချောင်း၊ မင်းဘူး၊ မကွေး၊ မင်းလှ၊ အောင်လံမြို့ပေါ်ရပ်ကွက်များနှင့် ထိုမြို့နယ်များအတွင်း ကျေးရွာများ၏ လူနေအိမ်များအတွင်း ရေများဝင်ရောက်နေဆဲဖြစ်ကြောင်း ယင်းကျေးရွာများအနက် ကျေးရွာအများစုသည် ရွာလုံးကျွတ် ရေနစ်မြုပ်နေကြောင်း မုန်းချောင်းနှင့် ဧရာဝတီမြစ်ဆုံရာ အနီးမှ ကျေးရွာများသည် ရေဘေးဒုက္ခကို အကြီးမားဆုံး ရင်ဆိုင်နေရပြီး ညပိုင်းတွင် မြွေများ အိမ်ပေါ်ရောက်လာခြင်း၊ မြစ်ရေများ အနည်များလွန်းမှုကြောင့် ရေချိုးရန်ပင် သုံးမရခြင်း၊ လူနေအိမ်များပေါ်အထိ ရေ၀င်ရောက်နေသောကြောင့် ချက်ပြုတ်စားသောက်ရန် ခက်ခဲခြင်းများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။
လက်ရှိအချိန်အထိ ရေစကြိုမြို့နယ်မှ သာယာကုန်းကျေးရွာ၊ နတ်ညွှန်းလေးကုန်းကျေးရွာ၊ ၀န်ကြီးကုန်းကျေးရွာနှင့် လင့်စင်ကြီး ကျေးရွာတို့တွင် ရေပြန်မကျသေးသည့်နေရာများ ရှိနေသေးပြီး မြစ်ရေအတွင်း သေဆုံးနေသော ဆိတ်၊ ကျွဲနှင့် နွားများကို တွေ့မြင်နေရဆဲဖြစ်ကြောင်း၊ မြစ်ရေမှာ ပုံမှန်မဟုတ်သေးဘဲ အနံ့ဆိုးများရှိနေသဖြင့် ဒေသခံများက မြစ်ရေကို သောက်သုံးနိုင်ခြင်း မရှိကြောင်း၊ အချို့နေရာများတွင် အသက်ရှင်နေသေးသည့် ကျွဲနွားများကို နုန်းများအတွင်း တွေ့မြင်ရ ကြောင်းနှင့် ဆန်နှင့် သောက်သုံးရေ အဓိက လိုအပ်နေကြောင်း အဆိုပါဒေသတွင် သွားရောက်လှူဒါန်းနေသည့် EMG သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရသည်။
“ကျွန်တော်တို့ရွာတွေမှာ မြစ်ရေတက်စတုန်းက ကမ်းပြိုလို့ အိမ်တွေရွှေ့ခဲ့ရတယ်။ အခု မုန်းချောင်းရေလျှံလို့ နေအိမ်တွေထဲ ရေ၀င်နေတုန်း မြစ်ရေကလည်း တက်လာလို့ လူကြီးတွေဆိုရင် မကွေးကို သွားပို့ထားရတာလည်း ရှိတယ်။ ရေကြီးစကတည်းက နွားတွေ၊ ၀က်တွေကို ကုန်းမြင့်ပိုင်းက ကျေးရွာတွေမှာ သွားပို့ထားရတယ်။ အခုက လူတွေအတွက် သောက်ရေနဲ့ ချက်စားဖို့ ခက်ခဲနေတဲ့အပြင် နွားတွေအတွက်ပါ အစာမရှိတော့လို့ နွားစာကိုတောင် သူများလာလှူတာတွေ ကျွေးနေရတယ်။ မြစ်ရေက ဒီအတိုင်းဆို နေအိမ်တွေထဲက ရေမရှိရုံလောက်ကိုပဲ နောက်ထပ် ငါးရက်လောက် ကြာဦးမှာပါ။ ရေပြန်ကျပြီးရင်လည်း ဗွက်နှစ်တွေ ကျန်နေဦးမှာမို့ လူတွေက ဘာမှလုပ်ကိုင်လို့ရမှာ မဟုတ်သေးပါဘူး”ဟု ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာမှတောင် သူကိုဇော်ဇော်က ပြောကြားသည်။
မကွေးတိုင်းအတွင်း ငဖဲ၊ စကု၊ စေတုတ္တရာ၊ ပွင့်ဖြူမြို့နယ်များတွင် ရေဘေးကြုံ ခဲ့ရသော မုန်းချောင်းနှင့် မန်းချောင်းတွင် သြဂုတ် ၈ ရက်က လူနေအိမ်များအတွင်း ရေမရှိတော့သည်အထိ ရေလျော့နည်းလာပြီ ဖြစ်ကြောင်း ရေ၀င်ရောက်ခံခဲ့ရသော မြို့ပေါ် ရပ်ကွက်များတွင် ရေနှင့် ဗွက်နှစ်များ ကျန်ရှိနေသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရဆဲဖြစ်ကြောင်း အဆိုပါချောင်းများ ရေလျှံဝင်ရောက်မှုကြောင့် နှမ်းစိုက်ခင်း ဧက သောင်းနှင့်ချီ ပျက်စီးခဲ့ကာ စပါးခင်းများလည်း ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မကွေးတိုင်းအတွင်း ဧရာဝတီမြစ်၊ မုန်းချောင်းနှင့် မန်းချောင်းတို့ကြောင့် ရေဘေးဒုက္ခ ကြုံတွေ့နေရသူများထံ ဆန်၊ ဆီ၊ အ၀တ်အထည်နှင့် ကူညီရေးများ အလုံးအရင်းနှင့် ရောက်ရှိနေကြောင်း ထိုသို့ကူညီမှုများသည် သွားလာရေးခက်ခဲသည့် ကျေးရွာများအထိ ရောက်ရှိနေသော်လည်း ရေဘေးဒုက္ခသည်များအတွက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်မှုများ နည်းပါးလွန်းနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
Eleven Media Group




မှတ်ချက်များ