မြန်မာနိုင်ငံအနေဖြင့် သစ်အလုံးလိုက်တင်ပို့မှုကို ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ပြီး ရပ်ဆိုင်းခဲ့သော်လည်း အလုံးလိုက်နီးပါး သစ်များကို ဆက်လက်တင်ပို့မှု မှတ်တမ်းဓာတ်ပုံ အချို့ထွက်ပေါ်လာခဲ့ကြောင်း သစ်လုပ်ငန်းရှင်များအသိုင်းအ၀ိုင်းမှ စုံစမ်းသိရသည်။
ကွန်တိန်နာအတွင်းသို့ အလုံးလိုက်နီးပါး သစ်များကိုတင်နေသည့် ဓာတ်ပုံများ (၂၀၁၅ ခုနှစ် ဇွန် ၂၈ ရက် ရက်စွဲပါ ဓာတ်ပုံများ) ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ဆိုပါ မှတ်တမ်းဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် သစ်လောကအတွင်း ဝေဖန်မှုများ မြင့်တက်လာကြောင်းနှင့် တင်ပို့သူအချို့ကို ဥပဒေအရ ထိရောက်စွာ အရေးယူသွားရန်လိုကြောင်း သုံးသပ်ပြောကြားလာကြသည်။
ဓာတ်ပုံများ ရရှိထားသည့် သစ်လုပ်ငန်းရှင်တစ်ဦးက “ဓာတ်ပုံတွေမှာ Date တွေပါ ပါတယ်။ ၂၀၁၅ ခုနှစ် ဇွန် ၂၈ ရက် ရက်စွဲနဲ့ ပုံတွေပေါ့။ သစ်လောကထဲမှာတော့ တော်တော်ပြန့်နေတာ တွေ့ရတယ်။ အလုံးလိုက်နီးပါး သစ်တွေကို ကွန်တိန်နာထဲ ထည့်နေတဲ့ ပုံတွေလေ။ ဓာတ်ပုံထဲကအတိုင်းကတော့ အလုံးလိုက် ပို့နေသလိုပါပဲ။ ၂၀၁၄ ဧပြီ ၁ ရက်ကစပြီး သစ်အလုံးလိုက်ပို့တာကို ရပ်ထားတာလေ။ အခုပုံအရဆိုရင် ဘယ်လိုပြောရမလဲ အပွေးသတ်၊ အခွံချွတ်တာလောက်လုပ်ပြီး ပို့နေတာနဲ့ အတူတူပဲ”ဟု ဓာတ်ပုံများနှင့်တကွ ပြောကြားသည်။
သစ်လုပ်ငန်းရှင်တစ်ဦးကလည်း “လုပ်ငန်းရှင်တော်တော်များများဆီမှာ ဒီဓာတ်ပုံတွေ ပြန့်လာတာ။ အလုံးလိုက်ပို့တာနဲ့ ဘာမှမထူးဘူး။ ကျွန်တော်တို့က ပို့ရင် သစ်တောက စစ်ဆေးရတယ်လေ။ အခုလို အလုံးလိုက်နီးပါးတွေ ဆက်ပို့နေမယ်ဆိုရင် သစ်အလုံးလိုက်ပို့တာ ရပ်ဆိုင်းထားတာက ဘာထူးတော့မလဲ။ အကုန်လုံးက ဒီလိုလုပ်ပြီး ပို့လာကြရင်ရော သစ်အလုံးလိုက် ပို့ခွင့်ပေးသလို ဖြစ်ကုန်မှာပေါ့။ လုပ်တဲ့ကုမ္ပဏီရော နောက်ထပ် တာဝန်ရှိတဲ့သူတွေပါ ဖော်ထုတ်အရေးယူသင့်တယ်။ အရေးယူတဲ့အခါမှာလည်း ထိထိရောက်ရောက်ကို အရေးယူမှရမှာပါ။ အခုထိတော့ အရေးယူတယ်လည်း တချို့ကြားရပေမယ့် ကြားရတဲ့ အဆင့်ပဲ ရှိသေးတယ်။ တရားဝင်စာထုတ်ပြီး အရေးယူတာတော့ ကျွန်တော်တို့ လောလောဆယ် မကြားရသေးဘူး”ဟု သုံးသပ်ပြောကြားသည်။
နိုင်ငံတော်မှ သစ်အလုံးလိုက်တင်ပို့မှုကို ရပ်ဆိုင်းထားသော်လည်း ယင်းအမိန့်ညွှန်ကြားချက်ကို ချိုးဖောက်လုပ်ကိုင်မှုဖြစ်သည့်အတွက် ထိရောက်စွာအရေးယူရန်လိုကြောင်း သစ်လုပ်ငန်းရှင်များအသိုင်းအ၀ိုင်းတွင် ဝေဖန်နေကြခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သစ်တောဦးစီးဌာနသို့ သတင်းအတည်ပြုနိုင်ရန်၊ အရေးယူထားမှု ရှိ မရှိ အတည်ပြုနိုင်ရန် ဆက်သွယ်ခဲ့သော်လည်း ရုံးပိတ်ရက် (သြဂုတ် ၁၅ ရက်)ဖြစ်နေသည့်အတွက် ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။
မာန်သူရှိန် | Eleven News




မှတ်ချက်များ