ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံရေဘေးအတွက် ထောက်ပံ့ကူညီမှုများ စုဆောင်း





မြန်မာနိုင်ငံက ရေဘေးဒုက္ခသည်တွေ ကူညီဖို့အတွက် ထိုင်းနိုင်ငံ တီဘီစီ (ထိုင်း-မြန်မာ နယ်ခြားကော်မတီ)ကနေ ဦးဆောင်ပြီး ထောက်ပံ့ကူညီရေးပစ္စည်းတွေ ကောက်ခံစုဆောင်း နေပါတယ်။

မြန်မာနိုင်ငံ တာချီလိတ်မြို့တဘက်ကမ်း မယ်ဆိုင်မြို့မှာဆိုရင် ထိုင်းမြန်မာနယ်ခြားကော်မတီ နဲ့ ချင်းရိုင်းခရိုင် ထိုင်းမြန်မာ စီးပွားရေးနဲ့ယဉ်ကျေးမှုအသင်းတို့က ဦးဆောင်ပြီး မြန်မာရေဘေး ဒုက္ခသည်များအတွက် အလှူခံစခန်းဖွင့်လှစ်ပြီး ထောက်ပံ့ကူညီမှုတွေ လက်ခံနေသလို ထိုင်းအစိုးရဌာနဆိုင်ရာ နဲ့ ထိုင်းလူမှု ကူညီရေး အဖွဲ့အစည်းတွေကလည်း မြန်မာ့ရေဘေး ဒုက္ခသည်တွေ ကူညီပေးဖို့ နှိုးဆော်တိုက်တွန်းနေတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အလှူရှင်တွေအနေနဲ့ မယ်ဆိုင်မြို့ နယ်ခြားဂိတ်အနီးမှာ ဖွင့်လှစ်ထားတဲ့ အလှူခံစခန်းမှာ လာရောက် လှူဒါန်းနိုင်သလို ဌာနဆိုင်ရာအဖွဲ့အစည်းတွေဆီမှာရော၊ မယ်ခေါင်မြစ်လုံခြုံရေး ရေတပ်မတော်ထံမှာလည်း လာလှူနိုင်တယ်လို့ နှိုးဆော်ထားပါတယ်။

အလှူခံစခန်းကို ဇူလိုင်လ ၁ ရက်နေ့မှာတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိ သောက်ရေသန့်နဲ့ ကြာရှည်အထားခံ အစားအစာတွေ အမြောက်အများလက်ခံရရှိပြီးဖြစ်ကာ မြန်မာနယ်ခြား ကော်မတီကနေတဆင့် အသုတ်လိုက် ခွဲပြီး ပို့ဆောင်သွားမယ်လို့ ထိုင်းနယ်ခြားကော်မတီ တာဝန်ရှိသူတဦးမှ သတင်းထောက်တွေကို ပြောပါတယ်။

အလားတူ ကရင်ပြည်နယ် မြ၀တီတဘက်ကမ်း တာ့ခ်ခရိုင် မဲဆောက်မြို့မှာလည်း ခရိုင်ဝန်ကိုယ်တိုင် ဦးဆောင်ကာ ရေဘေးသင့်မြန်မာပြည်သူများအတွက် အလှူတွေ ကောက်ခံစုဆောင်းနေပြီး မြ၀တီခရိုင်အုပ်ချုပ်ရေးရုံးမှတဆင့် လာမယ့် သြဂုတ်လ ၅ ရက် နဲ့ ၆ ရက်နေ့တွေမှာ ပို့ဆောင်ပေးသွားမယ်လို့ ကနေ တာ့ခ်ခရိုင်အာဏာပိုင်တွေရဲ့ အပြောကိုကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ် ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကစ သဘာဝဘေးအန္တရာယ်ကျရောက်ပြီး ရေကြီးရေ လျှံမှုတွေကြောင့် လူ ၂၇ ဦးသေဆုံးကာ လူပေါင်း ၁ သိန်း ၅ သောင်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရကြောင်း၊ ရေဘေး အများဆုံးကြုံနေရတဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ကို အစိုးရက သဘာဝဘေးသင့်ရာနေရာအဖြစ် ကြေညာထားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။(ဓာတ်ပုံ – မန်နေဂျာအွန်လိုင်း)

DVB

မှတ်ချက်များ