လိင်တူတပ်မက်သူများ လမ်းလျှောက်ချီတက်ပွဲတွင် ဓားထိုးခံရသည့် မိန်းကလေး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့တပတ် ဇူလိုင် ၃၀ ရက်နေ့က အစ္စရေးနိုင်ငံ မြို့တော် ဂျေရုစလင်မြို့မှာ ကျင်းပခဲ့တဲ့ လိင်တူတပ်မက်သူများ လမ်းလျှောက်ချီတက်ပွဲမှာ ဓားထိုးခံရသူ ၆ ဦးအနက် မိန်းကလေးငယ် ၁ ဦးဟာ ရရှိတဲ့ဒဏ်ရာနဲ့ သြဂုတ် ၂ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

ရှေးရိုးစွဲဝါဒီ ဂျူးလူမျိုး ၁ ဦးဟာ လူအုပ်ထဲဝင်လာပြီး ယူလာတဲ့ဓားနဲ့ အော်ဟစ်ထိုးခဲ့တာပါ။

ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် ရှီယာ ဘန်ကီ (Shira Banki) ကို ဆေးရုံမှာ အရေးပေါ် ကုသခဲ့ပေမယ့် ဒဏ်ရာပြင်းထန်လွန်းတဲ့အတွက် သူ့အသက်ကို မကယ်တင်ခဲ့ဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။

ဓားထိုးခဲ့တဲ့ အစွန်းရောက်ဂျူးဖြစ်တဲ့ ယီရှယ်အ် စရှလီဆယ်လ် (Yishai Schlissel) ကိုလည်း နေရာမှာပဲ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

ဓားထိုးမှုဖြစ်ခဲ့ပြီး လိင်တူတပ်မက်သူများရဲ့ လမ်းလျှောက်ချီတက်ပွဲကို အစီအစဉ်မပျက် ဆက်လက်ကျင်းပခဲ့ကြပြီး အကြမ်းဖက်မှုရပ်ဖို့ ချီတက်တောင်းဆိုခဲ့ကြပါတယ်။

ဒီဓားထိုးတိုက်ခိုက်ခဲ့တဲ့ အစွန်းရောက် ရှေးရိုးစွဲ ဂျူးတယောက်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၀၅ ခုနှစ်ကလည်း အခုလို လိင်တူတပ်မက်သူများ လမ်းလျှောက်ချီတက်ပွဲမှာပဲ ဓားထိုးခဲ့လို့ ဖမ်းဆီးထောင်ချခံရပြီး မကြာခင်ကမှ ပြန်လွတ်လာတာပါ။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဒီတိုက်ခိုက်မှုကို အဆိုးဆုံး အကြမ်းဖက်မှုလို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

သြဂုတ် ၁ ရက်နေ့ကလည်း ဒီအကြမ်းဖက်တိုက်ခိုက်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတခု ဂျေရုစလင်မြို့မှာ ကျင်းပခဲ့ပြီး လူထောင်နဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

ဒီလိင်တူချီတက်ပွဲဟာ အစ္စရေးနိုင်ငံမှာ လူနည်းစု ရှေးရိုးစွဲ ဂျူးလူမျိုးတွေနဲ့ သာမန်လွတ်လပ်ပွင့်လင်းတဲ့ အများစု ဂျူးလူမျိုးတွေကြား ထိပ်တိုက်တွေ့ကြတဲ့ ပွဲတခုလည်း ဖြစ်ပါတယ်။

DVB

မှတ်ချက်များ