သဘာဝပတ်ဝန်းကျင်က အမျိုးသားများနဲ့ အသက် ၆၅နှစ်နဲ့အထက်ရှိသူများအား နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ရန် အကူအညီပေးဟုဆို
သသာဝပတ်ဝန်းကျင်နဲ့ နီးစပ်တဲ့ နေရာတွေမှာ နေထိုင်ချိန်၊ သွားရောက်လည်ပတ်ခြင်းတွေဟာ အမျိုးသားများနဲ့ ၆၅နှစ်နဲ့အထက်ရှိသူများရဲ့ အိပ်စက်ခြင်းပုံစံအပေါ် ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိကြောင်း လေ့လာတွေ့ရှိချက်အသစ်အရ သိရှိရပါတယ်။
လေ့လာသူတွေက သဘာဝပတ်ဝန်းကျင်ကြောင့် အမျိုးသားတွေအတွက် ကောင်းမွန်တဲ့ အကျိုးရလာဒ်တွေ ရှိတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြပေမယ့် အမျိုးသမီးအများစုကတော့ သဘာဝနဲ့နီးစပ်တဲ့နေရာတွေနဲ့ ပတ်သက်ပြီး ကြီးမားတဲ့အကျိုးရလာဒ်တွေ ရှိမရှိတော့ မသေချာဘူးလို့ဆိုပါတယ်။
University of Illinois မှ လူမှုအဖွဲ့အစည်းဆိုင်ရာ ကျန်းမာရေးပါမောက္ခ Diana Grigsby-Toussaint က “ အရည်အသွေးမြင့်အိပ်စက်နိုင်ခြင်းရဲ့ အရေးပါမှုကို ခန့်မှန်းတိုင်းတာဖို့ဆိုတာ ခက်ခဲပါတယ်။ လေ့လာချက်တွေအရ အပြည့်အ၀မအိပ်စက်ရခြင်းဟာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေရှိပြီး လှုပ်ရှားမှုတွေကို လျော့ကျစေပြီး အဆီတက်တာတွေ ဖြစ်စေနိုင်ပါတယ်။ အခုလေ့လာတွေ့ရှိချက်ကတော့ သဘာဝပတ်ဝန်းကျင်နဲ့ နီးစပ်တာဟာ လူတွေကို သူတို့လိုအပ်တဲ့ အိပ်စက်မှုပမာဏပြည့်ပြည့်၀၀ ရရှိစေနိုင်ဖို့ အထောက်အကူဖြစ်တယ်ဆိုတာပါပဲ” လို့ ထုတ်ဖော်ပြောကြားသွားပါတယ်။
၂၁ ရက်မှ ၂၉ရက်လောက် အိပ်ချိန်အပြည့်အ၀ မရရှိသူတွေဟာ ၇ ရက်နဲ့အောက် အိပ်ချိန်နည်းပါးသူတွေထက် သဘာဝပတ်ဝန်းကျင်နဲ့ နီးစပ်မှု သိပ်မရှိသူတွေ ဖြစ်ကြပါတယ်။ အိပ်စက်ခြင်းနဲ့ သဘာဝပတ်ဝန်းကျင် ဆက်စပ်မှုဟာ အမျိုးသားတွေနဲ့ အသက် ၆၅နှစ်အထက်ရှိသူများအတွက် အကျိုးသက်ရောက် ပိုမိုအားကောင်းတယ်လို့ Grigsby-Toussaint ကဆိုပါတယ်။
ဒါ့အပြင် လူမှုပတ်ဝန်းကျင်နဲ့ ပြုစုစောင့်ရှောက်ရေးဂေဟာတွေမှာ အလင်းရောင် ပိုမိုရရှိအောင် တည်ဆောက်ခြင်း၊ သဘာဝလျှောက်လမ်းများ ပြုလုပ်ထားရှိခြင်း၊ ဥယာဉ်ပန်းခြံစိုက်ပျိုးထားရှိခြင်း နဲ့ အမျိုးသားအမျိုးသမီးများအတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်မယ့် ကျယ်ဝန်းတဲ့ကွင်းပြင်တွေ ဖန်တီးပေးထားဖို့ လိုအပ်ပါတယ်လို့လည်း အကြံပေးထားပါသေးတယ်။
Michelle - သစ်ထူးလွင်
Ref : Upi
မှတ်ချက်များ