ရေဘေးနှင့်ပတ်သက်၍ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ပြည်သူသို့သတင်းစကား

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်
နိုင်ငံအတွင်း ကြုံတွေ့ နေရသော ရေဘေးနှင့်ပတ်သက် ၍ နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးသည် သြဂုတ် ၆ ရက်တွင် တစ်ပြိုင်နက်ပြည်သူလူထုထံသို့ အသိပေးစကားများပြောကြားခဲ့ ပြီး ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ် ၆ရက် နံနက်၌ လစဉ်ပြောကြားနေမြဲဖြစ်သော နိုင်ငံတော်သမ္မတ၏ ရေဒီယိုမိန့် ခွန်း ထုတ်လွှင့်ခဲ့ပြီးနောက် မွန်းလွဲ ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် က ရေဘေးနှင့်ပတ်သက်၍ ပြည် သူလူထုအား ပြောကြားချက်ကို ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် အင်တာနက်စာမျက်နှာများပေါ် တွင် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

ရေဘေးသင့်ဒေသများ၏ နောက်ဆက်တွဲအဖြစ် ကယ်ဆယ် ရေးလုပ်ငန်းများပြီးစီးပါက လုပ် ဆောင်ရမည့် ပြန်လည်ထူထောင် ရေးလုပ်ငန်းစဉ်ကို စီမံကိန်းကြီး များချမှတ်လုပ်ဆောင်ရမည်ဖြစ် ပြီး ယင်းလုပ်ငန်းစဉ်များကိုဆောင် ရွက်ရန် အစိုးရတွင် အဓိကတာဝန် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

အဆိုပါပြန်လည်ထူထောင် ရေးနှင့်ပတ်သက်၍ ယင်းဒေသ များ မူလအခြေအနေသို့ အမြန် ပြန်လည်ရောက်ရှိစေရန် အစိုးရ အနေဖြင့် ပြည်သူများနှင့် ပူးပေါင်း အစွမ်းကုန်ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။

‘‘ပြန်လည်ထူထောင်ရေးအ တွက် လိုအပ်တဲ့စီမံကိန်းကြီးတွေ ကို စနစ်တကျရေးဆွဲပြီး အစီအ စဉ်တွေ ချမှတ်လုပ်ဆောင်ဖို့လိုပါ တယ်။ အဓိကကတော့အစိုးရက ဆောင်ရွက်ရမှာဖြစ်ပြီး ကျွန်မတို့ အနေနဲ့လည်း တစ်ပိုင်တစ်နိုင် ကူညီမှုတွေလုပ်ပေးချင်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိမိတို့ကို ကူညီဆောင်ရွက်ပေး လိုသူများအနေဖြင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းသို့ ကူညီဆောင် ရွက်ပေးနိုင်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ထပ်မံပြောကြား သည်။

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လမ်း၊ တံတားများကို အမြန်ဆုံး ပြုပြင် ဆောင်ရွက်လျက်ရှိပြီး ရေနစ်မြုပ် သည့် လယ်ယာမြေများ၊ စိုက်ပျိုး မြေများ အမြန်ဆုံးပြန်လည်ထွန် ယက် စိုက်ပျိုးနိုင်ရန်အသင့်ပြင် ဆင်ထားပြီဖြစ်ကြောင်း သမ္မတက ဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် ရေ ကြီးမှုများ ဆိုးရွားစွာ ကြုံတွေ့ခဲ့ပြီး အထက်ပိုင်းမှ ရေများအောက် ပိုင်းသို့ စီးဆင်းနေသောကြောင့် ဒေသခံများအနေဖြင့် ဘေးလွတ် ရာသို့ ကြိုတင်ရွှေ့ပြောင်းထားကြ ရန် သမ္မတက တိုက်တွန်းပြော ကြားလိုက်သည်။

‘‘နိုင်ငံမှာ ပြဿနာကြီးကြီး ကျယ်ကျယ်ကြုံတွေ့လာရပြီဆို ရင် ကျွန်မတို့ ပြည်သူတွေက အ ရေးကြီးပြီ သွေးစည်းစို့ဆိုတဲ့ စိတ် ဓာတ်နဲ့ အားလုံးပါဝင်ဆောင်ရွက် ပေးလို့ အားတက်ရပါတယ်။ ဒီလို ပဲ ဆက်လက်ဆောင်ရွက်ပေးပါလို့ တိုက်တွန်းပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံအတွင်းမှ ခေါင်းဆောင် နှစ်ဦး မီဒီယာများ အသုံးပြုကာ လေလှိုင်းများမှတစ်ဆင့် တစ်ရက် တည်းတွင် ပြည်သူလူထုထံသို့ မိန့် ခွန်းပြောကြားခြင်းသည် အစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ် ဖြစ်ပြီး နှစ်ဦးစလုံးပြောကြားသည့် မိန့်ခွန်းများမှာလည်း ရေဘေးနှင့် သက်ဆိုင်သည့် အကြောင်းအရာ များသာ ဖြစ်သည်။

‘‘မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အောက်ပိုင်းတို့မှာလည်း မြစ်ရေ ကြီးမှုများဖြစ်ပေါ်လာနေသဖြင့် ကယ်ဆယ်ရေး၊ ကူညီရေးလုပ် ငန်းများဆောင်ရွက်နေကြပြီဖြစ် ပါတယ်။ ရေတားတာတမံများ မကျိုးပေါက်စေရေးအတွက် နေ့ ရောညပါ စောင့်ကြပ်ကြည့်ရှု လျက်ရှိပြီး ဖြစ်ပေါ်လာပါက အ မြန်ဆုံး ထိန်းချုပ်နိုင်ရန် အသင့် ပြင်ဆင်ထားကြပြီးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဧရာဝတီတိုင်း အတွင်းရှိ င၀န်မြစ်ရေနဲ့ ဧရာဝတီ မြစ်ရေများစိုးရိမ်ရေမှတ်အထက် သို့ ကျော်လွန်လာနေ၍ ဟင်္သာတ မြို့နှင့် ညောင်တုန်းမြို့တို့မှာ စိုး ရိမ်ဖွယ်ရာအခြေအနေသို့ ရောက် ရှိနေပါတယ်။ သဘာဝဘေးအန္တ ရာယ်ကျရောက်လာပါက တားဆီး၍ မရနိုင်ပါသောကြောင့် အန္တရာယ်ရှိလာနိုင်ပါက ဘေးကင်းရာသို့ကြိုတင်ရွှေ့ပြောင်းနေထိုင်ခြင်းသည်သာ စိတ်အချရဆုံးဖြစ်ပါကြောင်း မိဘပြည်သူများသို့ အသိပေးတိုက်တွန်းအပ်ပါတယ်’’ဟု သမ္မတ ဦးသိန်းစိန်ကလည်း ရေဒီယိုမိန့်ခွန်းတွင် တိုက်တွန်းခဲ့သည်။

မင်းဟိန်းကျော် - 7day daily

မှတ်ချက်များ