စိုပြေလို ဘေးလူအမြင်နှင့်လည်း ထိုရေကြီးသည့်ပုံတွေကို ကြည့်ရတာ စိတ်ဆင်းရဲသည်။ သို့နှင့် ဖေ့ဘုတ်ကို ခဏပိတ်ပြီး သီချင်းနားထောင်ရန် ရေဒီယိုကို ဖွင့်လိုက်သည်။
ရေဒီယိုထဲတွင်တော့ ရေမကြီးပေ။
ရေပြည့်နေသောဆည်များလည်း စိုးရိမ်စရာ မရှိသေးကြောင်း၊ ဆည်ရေလွှတ်နေသည့် ချောင်းအောက်ဘက်က ရွာများလည်း ရေမကြီးကြောင်း၊ ချောင်းရေသည် လိမ်လိမ်မာမာဖြင့် ချောင်းအတိုင်း စီးဆင်းသွားကြောင်း၊ အခြေအမြစ် မရှိသည့် ကောလာဟလများကို မယုံကြည်စေလိုကြောင်း ထုတ်လွှင့်နေသည်။
ထို့ကြောင့် ရေဒီယိုနားထောင်ရသည်မှာ စိတ်ချမ်းသာပါသည်။
ဒါဆိုဖေ့ဘုတ်ပေါ်က ပုံတွေသည် ဖွသည့်ပုံတွေ ဖြစ်ရမည်။
ရုပ်ရှင်ရိုက်သလိုလူတွေ၊ နွားတွေကိုရေထဲ ဆင်းခိုင်းပြီး ရိုက်ထားတာ ဖြစ်မည်။
ရေမြုပ်နေသည့် အိမ်တွေကရော....။
ဒါကလည်းရေထဲမှာ အိမ်ဆောက်ပြီး ဓာတ်ပုံရိုက်ကာ ဖေ့ဘုတ်ပေါ်တင်ခြင်း ဖြစ်မည်။ လူအင်အား၊ ပစ္စည်းအင်အား တော်တော်သုံးရပေမည်။
သို့နှင့် ရေဒီယိုကို ဆက်လက်နားထောင်ရာ....။
မြန်မာနိုင်ငံ အချို့ဒေသများတွင် ရေကြီးနေကြောင်း၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ရခိုင်တို့ကို အရေးပေါ် အခြေအနေ ကြေညာထားကြောင်း၊ လူများအနေဖြင့် ရေကြီးလျှင် ဟိုဟာဒီဟာ လုပ်သင့်ကြောင်း၊ မြွေတွေကို ကြည့်ရှောင်သင့်ကြောင်း ထုတ်လွှင့်ပြန်လေသည်။
အင်း... ရှေ့မှာတော့ စိုးရိမ်စရာမရှိဟု ဆိုပြီး အခုရေကြီးကြောင်း ထုတ်လွှင့်ပြန်သည်။
ဒါကြောင့် ရေဒီယိုကိုပိတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ရေကတော့ တကယ်ကြီးနေသည်။
အွန်လိုင်းပေါ်က လူတချို့ကတော့ ထုံးစံအတိုင်းပင်။ အစိုးရက ဘာမှ မလုပ်ဘူး။ ဟိုပါတီက ဘာမှ မလုပ်ဘူး။ ငါတို့ အစိုးရက လုပ်တယ်၊ ငါတို့ ပါတီကဘယ်လောက်လှူတယ် စသည်ဖြင့် အငြင်းပွားနေကြသည်။ တစ်ဖက်နှင့် တစ်ဖက် ချက်အောက် ထိုးနေကြသည်။
တကယ်လုပ်သည့် လူတွေကတော့ အစိုးရ မရှိဘူးဟု သဘောထားကာ ရေဘေးသင့်ဒေသတွေကို သွားရောက်ကူညီကြသည်။ စိုပြေမိတ်ဆွေတွေလည်း အဲ့ဒီဒေသတွေကို သွားရောက်လှူဒါန်းရန် ကြိုးပမ်းနေသည်။
အချင်းချင်း အလှူခံကြသည်။ လမ်းပေါ်ထွက်အလှူခံကြသည်။ လှူသူတွေကလည်း အားတက်သရော လှူကြသည်။ ပြီးတော့ ထိုအလှူခံ ရရှိငွေတွေ၊ စားစရာတွေကို သွားရောက်လှူဒါန်းကြသည်။
စိုပြေလည်း သူတို့လို အဲ့ဒီဒေသတွေကို သွားချင်၏။
ပျော်စရာကောင်းမည်ဟု ထင်မိသည်။
နာဂစ်တိုက်ပြီးတုန်းက စိုပြေလည်း အစိုးရ၊ အာဆီယံ၊ ကုလအစီအစဉ်ဖြင့် မြစ်ဝကျွန်းပေါ် ဒေသကို ရောက်ခဲ့ဖူးသည်။ ထိုစဉ်က တော်တော်ပျော်စရာ ကောင်းခဲ့သည်။
သူများတွေ ဒုက္ခရောက်တာကို မင်းက ဘာဖြစ်လို့ ပျော်နေတာလဲ ဟုတော့ အပြစ်မတင်ပါနှင့်။ စိုပြေ နေရာမှာ သင်တို့ဆိုလျှင်လည်း ကြိမ်းသေပေါက် ပျော်ကြပါလိမ့်မည်။
နောက်ပိုင်းတွင် ထိုမြစ်ဝကျွန်းပေါ်ဒေသကို ရောက်ခဲ့ဖူးကြောင်း၊ ရဟတ်ယာဉ် စီးဖူးကြောင်း၊ တစ်ရက်ကို တစ်သောင်းခွဲရကြောင်း၊ အလောင်းတွေ အများကြီး မြင်ဖူးကြောင်း အပေါင်းအသင်းတွေကို ပြန်ကြွားရတာက အရသာတစ်မျိုးပင်။
ထို့ကြောင့် စိုပြေလည်း ယခုရေကြီးဒေသတွေကို သွားချင်သည်။ ပြီးတော့ အပေါင်းအသင်းတွေကို ကြွားချင်သည်။ ဓာတ်ပုံလေးတွေ ရိုက်ချင်သည်။
ဒါဆိုရေကြီးသည့် ဒေသတွေကို ဘယ်လို သွားမလဲ။
အင်း..... ရေကြီးဒေသကိုသွားမည့် အဖွဲ့ကို ရှာ....။ ဆန်တစ်ပြည်လောက်လှူ၊ အဲ့ဒီအဖွဲ့နှင့် ကပ်လိုက်။
ဒါလည်းမဖြစ်သေးပေ။
ရှက်စရာကောင်းသည်။ နောက်ပြီးစိုပြေက အဲ့ဒီလိုသူများနောက်လိုက် လုပ်ရတာကိုမကြိုက်ပေ။ ဒါကြောင့် ကိုယ်တိုင် ခေါင်းဆောင်လုပ်ပြီး သွားရန်လှူရန် တွေးမိသည်။
ခေါင်းဆောင်လုပ်လျှင် နာမည်ကြီးမည်။ နာမည်ကြီးလျှင် ဖောင်ဒေးရှင်းတွေ ဘာတွေ ထောင်မည်။
သို့သော်လည်း ထိုနည်းထက်ကောင်းသည့် နည်းတစ်ခုတော့ ရှိသေးသည်။
ထိုနည်းကတော့
ရေကြီးသည့်ဒေသ၊ တောင်ပြိုသည့် ဒေသများ တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလေရာ... စားသောက်ကုန်ဈေးများ တက်နေသည်။ ဆန်တစ်အိတ် တစ်သိန်းဟုလည်း ကြားရသည်။ ရန်ကုန်ကဆန်တွေကို တင်ပြီး သွားရောင်းလျှင်ရော။ တော်တော်လေး အမြတ်အစွန်း များနိုင်သည်။
သို့သော်လည်း အလှူရှင်များက လှူနေလေရာ ဈေးရောင်းလို့တော့ သိပ်မကောင်းနိုင်။ ပြီးတော့ ဒီနည်းလမ်းကို တကယ့်စီးပွားရေး သမားတွေက လုပ်ပြီးလောက် ချေပြီ။
ဘာပဲဖြစ်ဖြစ် ထိုရေကြီးဒေသတွေကို ရောက်အောင် သွားလိုသည်။
ဒီအတိုင်းတော့ သွားလို့မရ။ တစ်ခုခုလှူပြီး သွားမှ ကောင်းမည်။ ဒါဆိုဘာလှူမလဲ....။
အဝတ်အထည်လား၊ သူများတွေလည်း လှူမှာပဲ။
အစားအသောက်၊ သူများတွေလည်း လှူတာပဲ။
သောက်ရေဆိုရင်ရော....။
အို ရေကြီးတယ်ဆိုမှ သောက်စရာရေတွေ ပေါနေမှာပေါ့။
ဆေးဝါးဆိုတော့လည်း လှူတဲ့လူတွေ အများကြီး။
နောက်တော့ ရေဘေးဒုက္ခသည်တွေ ထဲတွင် အမှန်တကယ် လိုအပ်သည့်အရာကို စိုပြေ စဉ်းစားမိသွားသည်။
ရေဘေးဒုက္ခသည်တွေ ထဲတွင် အရက်သမား တွေလည်း ပါကြလိမ့်မည်။ အရက်ဆိုင်တွေ ရေမြုပ်သွားသဖြင့် သူတို့ အရက်သောက်စရာ ရှိတော့မည်မဟုတ်။
ထိုအရက်သမားတွေ ဘယ်လောက် ဒုက္ခ ရောက်ရှာမလဲ။
သူတို့ တော်တော်သောက်ချင်နေရှာ ပေလိမ့်မည်။
ဟုတ်သည်။
ထိုရေဘေးသင့် အရက်သမား တွေကို အရက်လှူရမည်။
ထိုအစီအစဉ်ကို စိုပြေတို့ သံချောင်းပါတီ အကြီးအကဲများထံ တင်ပြရမည်။ သူတို့လည်း အားတက်သရော ထောက်ခံကြမည်သာ။
ထို့ကြောင့် မနက်ဖြန်မှ စတင်ကာ သံချောင်းပါတီဝင်များနှင့် တိုင်ပင်မည်။ ပြီးလျှင် နီးစပ်ရာ အရက်ဆိုင်များတွင် အရက် အလှူခံကြမည်။ ရရှိလာသည့် အရက်များကို ရေဘေးသင့်ဒေသမှ အရက်ဘေး ဒုက္ခသည်များထံ သွားရောက် ကူညီကြမည်။
အဲ..... ထိုအရက်များကို စိုပြေတို့ သံချောင်း ပါတီဝင်တွေရော သောက်သင့်သလော...။ ဒါမှမဟုတ် မခြွင်းမချန် အကုန် ပြန်လှူရမည်လော.....ကိုတော့ ဆွေးနွေး တိုင်ပင်ရပေဦးမည်။
စိုပြေ - The Voice

မှတ်ချက်များ