ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုများ စတင်ဖြစ်ပေါ်နေပြီး ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေလျက်ရှိ




ဧရာဝတီတိုင်းဒေသကြီးအတွင်း ဇလွန်မြို့နယ်၊ မအူပင်မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ သာပေါင်းမြို့နယ်၊ မြောင်းမြမြို့နယ်၊ မြန်အောင်မြို့နယ်များတွင် ရေကြီးနစ်မြုပ်မှုများကို စတင်ကြုံတွေ့လာရပြီး သက်ဆိုင်ရာ မြို့နယ်များ၊ မြို့ထိန်းရေတာများ ခံနိုင်ရည်အင်အားများ လျော့ကျလာနေလျက်ရှိနေကြောင်း သိရသည်။

မအူပင်မြို့နယ်တွင် မြို့၏ စိုးရိမ်ရေအမှတ်ထက် မြစ်ရေချိန်မှာ ကျော်လွန်နေပြီး၊ တာပြင်နေရာများရှိ နေအိမ်အချို့မှာ ရေကြီးနစ်မြုပ်မှုများ စတင်ကြုံတွေ့လာနေရကြောင်း၊ မြို့ပတ်တာများ ခိုင်ခံမှုရှိရေးအတွက် သဲအိပ်များချထားကာ ရေကင်းများနှင့် အချိန်ပြည့် စောင့်ကြည့်နေကြရကြောင်း၊ ဇလွန်မြို့နယ်တွင် မြစ်ရေတိုးမှုကြောင့် မြစ်ဘေးတလျှောက်ရှိ နေအိမ်များအတွင်း ရေများ စတင်ဝင်ရောက်မှုများ ရှိနေကာ ဒေသခံများမှာ ကိုယ်ထူကိုယ်ထ ရွေ့ပြောင်းမှုများ လုပ်နေကြရလျက်ရှိနေကြာင်း၊ မြန်အောင်မြို့နယ်တွင် တာတန်းကြီးအပြင်ဘက်ရှိ အမှတ်(၁)၊ အမှတ်(၅)၊ အမှတ်(၆) ရပ်ကွက်များတွင်း ရေများဝင်ရောက်ကာ လူဦးရေ ၃၅၀ ကျော်မှာ ရေဘေးသင့်ခဲ့ရပြီး မြန်အောင်မြို့နယ် မကျီးစု ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် အခြေခံပညာ မူလတန်းကျောင်းတွင် ရေဘေးကယ်ဆယ်ရေးစခန်းများပါ ဖွင့်လှစ်၍ စောင့်ရှောက်မှုများ ပြုလုပ်နေရလျက်ရှိနေကြောင်း၊ ညောင်တုန်းမြို့နယ်တွင် သြဂုတ်လ ၂ ရက်နေ့က မွန်းလွဲ တစ်နာရီခန့်တွင် လမ်း (၃၀) တာကျိုးပေါက်မှု ဖြစ်ခဲ့ပြီး အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ဆက်လက်၍လည်း မြို့ပတ်တာဖြစ်သည့် ၁၂ လမ်းတာမှာ ရေများစိမ့်ဝင်ရောက်နေမှုကြောင့် အရေးပေါ်ပြုပြင်ရေးများ လုပ်ဆောင်နေရလျက်ရှိကြောင်း၊ သာပေါင်းမြို့နယ်တွင်လည်း အနိမ့်ပိုင်းဒေသများကို ရေလွှမ်းမိုးမှုများ စတင်ကြုံတွေ့နေရပြီး ဂွေးကုန်းကျေးရွာ၊ ရှမ္မမြောင်ကျေးရွာများတွင် ရေများစတင်ဝင်ရောက်မှုများ ရှိနေကာ ကျွန်းပုလုတာလမ်းမကြီးမှာလဲ ရေများစတင်ဝင်ရောက်မှုများ ရှိနေပြီး သုံးအိမ်စုအနီးတွင် တာကျိုးပျက်စီးမည့် အခြေအနေထိ ရင်ဆိုင်နေရကြောင်း၊ မြောင်းမြမြို့နယ်တွင်လည်း ရေကြီးနစ်မြုပ်ခဲ့သည့် ကံကော်မြိုင်ရပ်ကွက်တွင် ရေများပြန်လည်ကျဆင်းသွားခြင်း မရှိသေးဘဲ လူဦးရေကိုးရာခန့်မှာ ရေဘေးကယ်ဆယ်ရေး စခန်းများသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

“အခု ညောင်တုန်းမြို့ တစ်မြို့လုံးက ကြောက်နေကြတယ်၊ နေ့လည် တစ်နာရီလောက်က လမ်း ၃၀ တာကျိုးသွားတယ်၊ အချိန်မီပြင်လိုက်နိုင်လို့၊ အခုလဲ မြို့ပတ်တာဖြစ်တဲ့ ဆယ့်နှစ်လမ်းတာ အခြေနေ မကောင်းတော့ တစ်မြို့လုံးက တာအခြေနေ ပြေးကြည့်လိုက် အိမ်တွေရွေ့ပြောင်းလိုက်နဲ့ လူတွေက ကြောက်နေရတယ်၊ မြို့ရဲ့ စိုးရိမ်ရေမှတ်ထက် မြစ်ရေက ပိုပြီးတော့ များလွန်းနေပြီ” ဟု ညောင်တုန်းမြို့ခံတစ်ဦးဖြစ်သူ ကိုဆင်ပေါက်က ပြောသည်။

“ကျောင်းကုန်းကတော့ သိပ်စိုးရိမ်စရာ မရှိသေးပေမဲ့ အခု ရေတက်လာလို့ ကမ်းနားဈေးကိုတော့ နေရာပြောင်းလိုက်ရပြီ၊ ရေထပ်တက်လာရင် မလွယ်ဘူး” ဟု ကျောင်းကုန်းဒေသခံတစ်ဦးဖြစ်သူ ကိုအောင်လေးကပြောသည်။

ဧရာဝတီတိုင်းအတွင်း သြဂုတ်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ထိ ကြီးမားသော ရေကြီးနစ်မြုပ်မှုများကို မကြုံတွေ့ရသေးသော်လည်း ညောင်တုန်းမြို့၊ မအူပင်မြို့နှင့် သာပေါင်းမြို့များတွင် ရေတားတာများ ကျိုးပေါက်ပျက်စီးမှုဘေးကို ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြပြီး၊ တာများ၏ ကြံ့ခိုင်မှုမှာလဲ အားနည်းလာပြီဖြစ်ကာ၊ ဒေသခံများ စုပေါင်း၍ ဧရာဝတီတိုင်းအတွင်း ရေဘေးကြုံတွေ့ရပါက ကယ်ဆယ်ကူညီမှုများ ပေးအပ်ရန် ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်နေကြရလျက်ရှိကြောင်း သိရသည်။

‪#‎SupportMyanmar‬
Eleven Media Group

မှတ်ချက်များ