နှစ်၂၀ ကျော်အကြာမှာ ပြန်လည် အဆင်ပြေခဲ့တဲ့ Guns N’ Roses အဖွဲ့ရဲ့ Axl Rose နဲ့ Slash
ကမ္ဘာကျော် ရော့ခ် တီးဝိုင်းတစ်ခုဖြစ်တဲ့ Guns N’ Roses အဖွဲ့ဝင် Slash နဲ့ Axl Rose တို့ရဲ့ အဆင်မပြေမှု တွေဟာ နှစ် ၂၀ ကျော်အကြာမှာ အဆုံးသတ်ခဲ့ပြီလို့ သိရပါတယ်။ တီးဝိုင်းရဲ့ ဂစ်တာ သမား Slash နဲ့ အဆိုတော် Axl Rose တို့ ဟာ ၁၉၉၀ ၀န်းကျင်ကာလတွေတုန်းက သူတို့ရဲ့ Guns N’ Roses အဖွဲ့ကို အောင်မြင်မှု ပေါင်းများစွာ ယူဆောင်ပေးနိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် ၁၉၉၀ အလယ်ပိုင်းကာလ လောက်မှာ ဂစ်တာသမား Slash ဟာ သူနဲ့ Rose နဲ့ ကြားက အဆင်မပြေမှု တစ်ချို့ကြောင့် တီးဝိုင်းကနေ ထွက်ခဲ့ပါတယ်။ အခုချိန်မှာ Slash ကို ဆွီဒင် မီဒီယာ တစ်ခုဖြစ်တဲ့ Aftonbladet TV ကနေ သူနဲ့ Rose နဲ့ အကြောင်းတွေကို တွေ့ဆုံမေးမြန်းခန်း တစ်ခုပြုလုပ်ခဲ့ပါတယ်။
“မင်းနဲ့ Axl Rose နဲ့ သူငယ်ချင်း ပြန်လုပ်ကြတော့မယ်လို့ ကြားတယ်။ နှစ်ပေါင်းများစွာ ကြာတော့မှ ဘယ်လို ဖြစ်နိုင်သွားတာလည်း” လို့ မီဒီယာ က Slash ကို မေးခွန်းထုတ်ခဲ့ပါတယ်။ အဲဒီအခါမှာ ဂန္တ၀င်ရော့ခ် ဂစ်တာသမား Slash က “ဒါတွေဟာ ပြောဖို့ နောက်ကျနေပြီဆိုတာ သင်သိပါတယ်။ ဒါပေမယ့်လည်း အချိန်ကြာခဲ့ပြီဖြစ်တဲ့ မကောင်းတဲ့ ကိစ္စတစ်ခုကို ပြောင်းလဲ လိုက်ရတာလည်း ကောင်းပါတယ်။” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
ဆွီဒင် မီဒီယာ ဘက်က Slash ကို Guns N’ Roses အဖွဲ့ရဲ့ မူလ အဖွဲ့ဝင်တွေ အတူတကွ ပြန်လည် ဖျော်ဖြေမယ့် အစီအစဉ် ရှိလားလို့ မေးတဲ့အခါမှာတော့ Slash က သူ ဒါကို မဖြေနိုင်ဘူးလို့ ပြန်ပြောခဲ့ပါတယ်။Guns N’ Roses အဖွဲ့ဟာ ၁၉၈၀ နောက်ပိုင်းကာလတွေမှာ “Sweet Child of Mine” ၊ “Paradise City” နဲ့ “Welcome to the Jungle” ဆိုတဲ့ သီချင်းတွေနဲ့ အောင်မြင်မှု ရခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ Rock and Roll Hall of Fame ကို တက်ရောက်ခွင့်ရခဲ့ပေမယ့် အဆိုတော် Axl Rose ကတော့ ထို ပွဲကို တက်ရောက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
Guns N’ Roses အဖွဲ့ရဲ့ မူလ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Slash ၊ Steven Adler ၊ Duff McKagan နဲ့ Matt Sorum တို့ပဲ ထိုပွဲ ကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
Mario - Trend Myanmar

မှတ်ချက်များ