Jains ဂျိန်းဘာသာဝင်တွေဆန္ဒပြ


ဂျိန်းဘာသာဝင်တွေရဲ့ အစာမစားဘဲဥပုဒ်စောင့်တဲ့ ရိုးရာဓလေ့ဟာ ဥပဒေနဲ့ ဆန့်ကျင်ကြောင်း အိန္ဒိယ တရားရုံးတစ်ခုကကြေညာလိုက်တဲ့အတွက် သိန်းနဲ့ချီတဲ့ ဂျိန်းဘာသာဝင်တွေ တနင်္လာနေ့က ဆန္ဒပြခဲ့ကြပါတယ်။

ရိုးရာဝတ်ရုံရှည်တွေဝတ်ထားတဲ့ ဂျိန်းဘာသာဝင်တွေက “ဥပုဒ်စောင့်တာဟာ ဘာသာရေးဖြစ်တယ်” ဆိုတဲ့ဆိုင်းဘုတ်တွေကိုင်ပြီး နိုင်ငံရဲ့အနောက်ဘက် ရာဂျက်စတန်ပြည်နယ်က Jaipur မြို့ထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့တာ ဖြစ် ပါတယ်။

ရာဂျက်စတန်ပြည်နယ်တရားရုံးက ဂျိန်းဘာသာအရ အစာငတ်ခံ ဥပုဒ်စောင့်ခြင်းကြောင့်သေဆုံးရတာဟာ ကိုယ့်ကိုယ်ကို သတ်သေမှုဖြစ်ပြီး အိန္ဒိယဥပဒေနဲ့ဆန့်ကျင်တယ်လို့ ဒီလအတွင်းကြေငြာခဲ့ပြီးတဲ့ နောက် ဂျိန်းဘာသာဝင်တွေက ခုလိုဆန္ဒပြပွဲတွေကျင်းပနေတာဖြစ်ပါတယ်။

တရားရုံးက ဂျိန်းဘာသာရဲ့အယူအဆကိုနားမလည်ဘဲနဲ့ သတ်မှတ်တာကို ဆန့်ကျင်တဲ့ အနေနဲ့ ခုလိုငြိမ်းချမ်းစွာဆန္ဒပြရတာဖြစ်တယ်လို့ ဂျိန်းဘာသာရေးခေါင်းဆောင်တစ်ဦးကပြောပါတယ်။

Jaipur မြို့ပတ်ဝန်းကျင် မိုင်အတော်များများအတွင်း လမ်းလျှောက်ဆန္ဒပြခဲ့ကြတဲ့ပွဲမှာ ဂျိန်းဘာသာဝင် ၁ သိန်းလောက်ပါဝင်ခဲ့ပြီး အဲဒီလမ်းတလျောက်မှာရှိတဲ့ ဂျိန်းဘာသာဝင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ကျောင်းတွေကိုလည်း အဲဒီနေ့ကပိတ်ထားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဆန္ဒပြသူအရေအတွက်ဟာ ၃ သောင်းခွဲနဲ့ ၄ သောင်းအကြားရှိတယ်လို့ ပြောပါတယ်။

RFA Burmese

မှတ်ချက်များ