ထိုက်ချိကို ဆေးနည်းအဖြစ် အသုံးပြုမည်


အဆစ်ရောင် ရောဂါရှိသည့် သက်ကြီးပိုင်းများအတွက် အကောင်းဆုံး ဆေးဝါးမှာ ထိုက်ချိ ကျန်းမာရေး လေ့ကျင့်ခန်း ဖြစ်ကြောင်း အနောက်တိုင်း သုတေသီများက ဆိုလိုက်သည်။

တရုတ်ရိုးရာ ထိုက်ချိကစားဟန်သည် ခန္ဓာကျန်းမာရေးကို အထောက်အကူ ပြုသလို၊ ဘက်စုံဘ၀ အရည်အသွေးကိုပါ မြင့်တက်စေကြောင်း သုတေသီများက ဆိုလိုက်သည်။ ထိုက်ချိသည် အသက်ရှူ လေ့ကျင့်ခန်းနှင့် ညင်သာစွာ ကိုယ်လက် လှုပ်ရှား အပန်းပြေစေခြင်းပုံစံ ပေါင်းစပ်ထားသည့် ကိုယ်လက်လှုပ်ရှား ကစားနည်းတစ်ရပ် ဖြစ်သည်။ ကိုယ်စိတ်ကျန်းမာ ကြံ့ခိုင်ရေး နည်းလမ်းကောင်းအဖြစ် တရုတ်နိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာ ကတည်းက ကစားလာခဲ့သော နည်းလည်း ဖြစ်သည်။

ထိုက်ချိ ကစားခြင်းကြောင့် အဆစ်အမြစ် ရောင်သူများ နာကျင်မှု သက်သာလာသလို၊ ကြွက်သား မာတောင့်နေမှုများလည်း ပြေလျော့ကြောင်း British Journal of Sports Medicine အားကစား ကျန်းမာရေး ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။ ညင်သာသော ကိုယ်လက် လှုပ်ရှားမှုနှင့်အတူ အသက်ရှူသွင်း ရှူထုတ်ပုံစံလည်း မှန်စေသဖြင့် ထိုက်ချိသည် အဆုတ်ကိုလည်း အားကောင်းစေသဖြင့် အဆုတ်ရောဂါ ကင်းဝေးစေကြောင်း ဗြိတိသျှကို လမ်ဘီယာ တက္ကသိုလ်မှ သုတေသီများက ဆိုလိုက်သည်။

ထိုက်ချိကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေး ရလဒ်များအကြောင်း လေ့လာထားသည့် စစ်တမ်းပေါင်း (၃၀)ကျော်ကို ပြန်ပေါင်းခြုံသုံးသပ်ကာ ကောက်ချက်ဆွဲခဲ့ခြင်း ဖြစ်သည်။ ထိုက်ချိသည် ကိုယ်နေဟန်ချက် ညီစေအောင် လေ့ကျင့်ပေးရာလည်း ရောက်သဖြင့် ထိုက်ချိကစားသော လူကြီးပိုင်းများသည် ချော်လဲကာ အရိုးကျိုးခြင်းမျိုးလည်း နည်းပါးကြောင်း စစ်တမ်းက ဆိုသည်။

messenger news journal

မှတ်ချက်များ