အ၀ါရောင်တီရှပ်ဝတ်သူထံ ဗုံးကို ပေးခဲ့ကြောင်း ယူဆွပ်ဖ် မိုင်ရိုင်လီ ၀န်ခံ


ဘန်ကောက် ဗုံးကွဲမှု၌ မသင်္ကာဖွယ်ရာ အ၀ါရောင် တီရှပ်ဝတ်ဆင်ထားသူထံသို့ ၎င်းကိုယ်တိုင် ဗုံးကို ယူဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယားနယ်စပ်တွင် အဖမ်းခံရသော တရုတ်နိုင်ငံသား အသက် ၂၅ နှစ်အရွယ် ယူဆွပ်ဖ် မိုင်ရိုင်လီက ရဲတပ်ဖွဲ့ထံ ဖြောင့်ချက်ပေးကြောင်း Bangkok Post သတင်းတွင် ဖော်ပြထားပါတယ်။

ယူဆွပ်ဖ် မိုင်ရိုင်လီဟာ ထင်ရှားတဲ့ တရုတ်တက္ကသိုလ်တခုက ဘွဲ့ရခဲ့တဲ့ ဓာတုဗေဒ အင်ဂျင်နီယာ တယောက်ဖြစ်ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံဘက်သို့ ကူးမည်ပြုစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်ပါတယ်။

သူဟာ သြဂုတ်လ ၁၇ ရက်နေ့ ဗုံးပေါက်ကွဲစဉ်က အနီးအနားတ၀ိုက်တွင် ရှိနေပေမယ့် ဗုံးထောင်သူတော့ မဟုတ်ဘူး၊ မပေါက်ကွဲခင်မှာပဲ တက္ကစီနဲ့ အဲဒီနေရာက ထွက်သွားတယ်လို့ ၀န်ခံခဲ့ပါတယ်။

အဖမ်းခံရပြီးနောက် ထိုင်း အမှတ် ၁၁ စစ်ဌာနချုပ်တွင် ချုပ်နှောင်ခဲ့ပြီး၊ ယနေ့တွင် ရဲတပ်ဖွဲ့ လက်သို့ လွှဲပြောင်းပေးမှာဖြစ်ပါတယ်။

ဗုံးကွဲမှု သံသယတရားခံ အ၀ါရောင်တီရှပ် ၀တ်သူမှ တက္ကစီဒရိုင်ဘာအား ပေးသည့် ပိုက်ဆံပေါ် တွင် ကျန်ခဲ့သည့် DNA၊ ဗုံးထည့်လာသည်ဟု ယူဆရသည့် အညိုရောင်အိတ်ပေါ်တွင် ကျန်ခဲ့သည့် DNA တို့ကို တိုက်ဆိုင်စစ်ဆေးရာ မတူညီသော်လည်း မင်ဘူရီအရပ်ရှိ Maimuna Garden အိမ်ရာမှ သိမ်းဆည်းရမိသည့် လက်သည်းညှပ်၊ နောင်ကျောက်ခရိုင်ရှိ လူနေအိမ်ခန်းမှ တွေ့ရသည့် ဖောက်ခွဲရေး ပစ္စည်းများပေါ်တွင် ထင်ကျန် ခဲ့သည့် အရာများနှင့် တူညီနေတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

irrawaddy

မှတ်ချက်များ