ရေနှင့်အတူ ပျောက်သွားသော ဘဝများ
အရင်ဆုံးကြုံရသည်က ရေဘေးဖြစ်သည်။ ရေဘေးပြီးတော့ နွံဘေး၊ ပြီးတော့ ရှေ့ရေး။
“ဘာပစ္စည်းမှ မယူနိုင်ဘူး။ လူချည်းပဲ ကိုယ်လွတ် ရုန်းပြေးရတာ” ဟု ပေါက်ခုံကျေးရွာ ဒေသခံ တောင်သူ ဦးလှအောင်က ဆိုသည်။
ဦးလှအောင်နည်းတူ ပေါက်ခုံတစ်ရွာလုံးလည်း ထိုနည်းလည်းကောင်း ထွက်ပြေးခဲ့ရသည်။ ပေါက်ခုံ တစ်ရွာတည်းမှ မဟုတ်။ ပေါက်ခုံရွာနားမှ ရေလဲဦး ကျေးရွာလည်း ထွက်ပြေးခဲ့ရသည်။ ထိုနှစ်ရွာတည်း လည်းမဟုတ်။
ကလေးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၆၂ ရွာ မှ ဒေသခံများမှာ တစ်ခါမျှမကြုံဖူးသည့် ရေဘေးကြောင့် ကိုယ်လွတ်ရုန်းပြေး ခဲ့ရသည်ချည်းပင်။
နှစ်တစ်ရာအတွင်း အကြီးမားဆုံးရေဘေးဟု သြဂုတ်လ ၁ ရက်နေ့က ရောက်ရှိခဲ့သည့် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြောဆိုသည်။
သို့သော်လည်း မြို့တည်စဉ်ကတည်းက တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသည့်ရေဘေး ဖြစ်ပြီး သမိုင်းတစ်လျှောက် အကြီးမားဆုံး ရေဘေးသင့်ကပ် ဖြစ်သည်။ ယခုကြုံရသည်က ရေဘေးချည်းသက်သက် မဟုတ်၊ ယခင်နှစ်များက ရေကျသွားလျှင် ဘဝများ ပြန်လည်ထူထောင်ရန် လွယ်ကူသော်လည်း ယခုနှစ်တွင်မူ နာလန်မထူနိုင်အောင် ထိုးနှက် ခံလိုက်ကြရသည်။
“ဒီလိုမျိုးထိ ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မလဲ” ဟု ဦးလှအောင်က လက်ရှိနေထိုင်ရာ ကားလမ်း နံဘေးရှိ တဲငယ်အတွင်းမှာ အခြားသော ဘဝတူများကို ငေးရင်း ပြောဆိုသည်။
ကလေးမြို့နယ် အတွင်းရှိ ကျီကုန်း၊ နတ်ကြီးကုန်း၊ ကျောက်ကာ၊ နတ်နန်း၊ မြလင်း၊ ရေလဲဦး၊ ပေါက်ခုံ၊ အောင်မြင်သာ စသည့်ကျေးရွာများမှာ အဆိုးဝါးဆုံး ရေဘေးဒဏ်ကို ခံခဲ့ကြရပြီး ရေကျသွားသောအခါ နုံးတင်ခဲ့ပြီး ရွာပုံသဏ္ဌာန်များမှာ ပြောင်းလဲခဲ့ရသည်။
“ရွာတွေထဲ ဘယ်လိုမှ ပြန်နေလို့ မရသေးဘူး။ ရွာထဲမှာ ကြက်သေကောင်ပုပ်၊ ဝက်သေကောင်ပုပ်တွေ ရှိနေပြီး နွံတွေကလည်း အပြည့်၊ ရွာလမ်းတွေထဲတောင် သွားလို့ မရသေးတာ၊ အိမ်တွေပေါ် တက်နေလို့ မဖြစ်နိုင်သေးဘူး” ဟု ရေလဲဦးကျေးရွာ တာဝန်ခံ ဦးသန်းအောင်က ပြောဆိုသည်။
အိမ်ရှိ မည်သည့်ပစ္စည်းကိုမျှ မသယ်ယူနိုင်ခဲ့သဖြင့် စေတနာရှင်များမှ ထောက်ပံ့သည့် စားစရာနှင့် အဝတ်အထည် များကိုသာ အားကိုးနေရကြောင်း၊ သားသမီးများ ပညာရေးကိစ္စအတွက် ယာယီကျောင်းဆောင်များတွင် သင်ကြားပေးနေကြောင်း ပေါက်ခုံရွာမှ ပြောင်းရွှေ့လာသည့် အမျိုးသမီးတစ်ဦးက စေတနာရှင်များ လှူဒါန်းသည့် အဝတ်အစားများကို ခေါက်သိမ်းရင်း ပြောသည်။
“သူတို့တွေအနေနဲ့ ဒီနှစ် လယ်ဘယ်လိုမှ မလုပ်နိုင်ကြဘူး။ ဆောင်းသီးနှံကိုပဲ အားကိုးရမယ်။ ဒါတောင်မှ စက်တင်ဘာ၊ အောက်တိုဘာမှ မုန်တိုင်းတစ်ခု ဖြစ်လာနိုင်သေးတယ်လို့ ပြောနေကြတော့ ဒီဒေသအနေနဲ့ သမ္မတကြီး ကတိပေးခဲ့တဲ့ ခြောက်လစာ စားနပ်ရိက္ခာက တကယ်လိုအပ်တယ်” ဟု ရေဘေးသင့်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်ပေးနေသည့် ကလေးလွင်ပြင်အဖွဲ့ဝင် ဦးကြည်ရအောင်က ပြောသည်။
နိုင်ငံတော်အစိုးရမှ ရေဘေးဒဏ်ခံရသည့် လယ်ယာမြေများ အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရန် အတွက် ထွန်စက်များ အကူအညီဖြင့် လယ်ယာမြေများ ပြန်လည် ဖော်ထုတ်ပေးမည်ဟု ဆိုသော်လည်း လက်တွေ့တွင်မူ အဆင်မပြေနိုင် သေးကြောင်း တောင်သူများက ပြောဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ဒီလို ခြောက်ပေလောက် ရှိနေတဲ့ နွံတွေကိုဘယ်လိုမှ မဖယ်ရှားပေး နိုင်ပါဘူး။ ကျွန်တော်တို့ ပုံမှန် ဖယ်ရှားပေးနေကျ သတ်မှတ်ထားတဲ့ ပမာဏက တစ်ပေခွဲလောက်ပဲ။ အဲဒီလောက်ဆို ကျွန်တော်တို့ နိုင်တယ်။ အခုတော့ လယ်မြေတွေလုပ်ဖို့ အဆင်မပြေ သေးတော့ ရွာလမ်းတွေကိုပဲ သွားလာလွယ်ကူအောင် လုပ်ပေးနေတယ်” ဟု တစ်ရွာလုံး သဲ၊ ရွှံ့ နွံဖုံးလွှမ်းမှု ခံရသည့် အောင်မြင်သာကျေးရွာ လယ်ယာမြေများ ပြန်လည် ဖောက်ထုတ်ရန်အတွက် ရောက်ရှိနေသည့် စက်မှု/လယ်ယာ အဖွဲ့ခေါင်းဆောင် ဦးဝင်းမြင့်က ပြောသည်။
ယခင်နေထိုင်ခဲ့သည့် နေအိမ်များတွင် ဆက်လက် နေထိုင်ရန် မဖြစ်နိုင်သည့်အတွက် လမ်းတောင်ဘက်ရှိ တောင်ကုန်းပေါ်တွင် အိမ်ခြံမြေအသစ်များ ဖော်ထုတ်ပေးရန် လိုအပ်ကြောင်း ကျောက်ကာကျေးရွာ ဒေသခံ တို့က ဆိုကြသည်။
အချို့ ရွာများမှာ ရွာလုံးကျွတ် ပြောင်းရွှေ့ရမည်။ အချို့ ရွာများကတော့ အိမ်ခြေအချို့ ပြောင်းရွှေ့ရမည်။ မည်သို့ပင်ဆိုစေ တူညီသောအချက်မှာ ယင်းကျေးရွာများ လုပ်ကိုင်နေသည့် ကလေး-ကဘော် ဒေသ စပါးကျီ လယ်ယာမြေများမှာ ဆက်လက်လုပ်ကိုင်၍ မရနိုင်တော့ ခြင်းပင်။
ရေဘေးကြောင့် လယ်ဧကလေးသောင်းကျော် ရေလွှမ်းမိုးမှုခံရပြီး ပြန်လည်စိုက်ပျိုး၍ ရသည့် လယ်မြေများ အတွက် မျိုးစပါး တစ်ဧက တစ်တင်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဟု ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလွင်ဖြိုးက ပြောသည်။
သို့သော်လည်း လယ်မြေများနှင့် ချောင်းမြောင်းများသည် တစ်တန်းတည်း ဖြစ်သွားပြီး စိုက်ပျိုး၍ရသည့် လယ်မြေအတွက် ပင်လျှင် ရေရရှိရန် မလွယ်ကူကြောင်း၊ အချို့နေရာများ တွင်လည်း ချောင်းက သုံး၊ လေး နေရာ ခွဲစီးဆင်းသွားသဖြင့် ချောင်းလမ်းကြောင်း ပြန်လည် သတ်မှတ်ပေးရန်လည်း လိုအပ်ကြောင်း ဒေသခံတောင်သူများက ဆိုသည်။
လက်ရှိအချိန်တွင် မြို့ပေါ်တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူများ နေရပ်ပြန်သွားပြီ ဖြစ်သော်လည်း နေအိမ်များတွင် နေထိုင်ရန်မှာ မလွယ်ကူသေးပေ။ အချို့မှာ နေအိမ်များဘေးတွင် တဲငယ်များထိုးကာ နေထိုင်နေကြရသည်။ နေအိမ်များတွင် ဖုံးလွှမ်းနေသေးသော သဲ၊ နုံးများကို ဖယ်ရှားပစ်ရန် အတွက် အစိုးရ၏ အကူအညီကို ရယူမှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ၎င်းတို့က တူညီစွာပြောကြားသည်။
နေထိုင်ရန် အဆင်ပြေသော်လည်း စားသောက်ရန် အတွက်မူ အခက်တွေ့နေဆဲ ဖြစ်သည်။ အချို့သော ရွာများအနေနှင့် စေတနာရှင်များ ကူညီမှုများဖြင့် စားနပ်ရိက္ခာ တစ်လစာခန့် ဖူလုံနေကြပြီ ဖြစ်သော်လည်း ရေရှည်အနေဖြင့် ရပ်တည်ရန် လွယ်ကူမည်မဟုတ်ပေ။ အစိုးရဘက်က ထောက်ပံ့ပေးမှု အပြင် အထူးသဖြင့် မြို့ပေါ် ပရဟိတအဖွဲ့ များကလည်း ရေဘေးသင့်သူများ ပြန်လည်ထူထောင်ရေး အတွက် လုပ်ဆောင်ပေးနေကြသည်။
အနယ်နယ်အရပ်ရပ်မှ လှူဒါန်းပေးလိုသူများ အနေနှင့် ဗိုလ်ချုပ်လမ်းပေါ် တံတားဦးအနီးမှာ ဖွင့်လှစ် ထားသော ကလေးလွင်ပြင် ရေဘေးကူညီထောက်ပံ့ရေး အဖွဲ့မှ ဦးကြည်ရအောင် (၀၉၃၃၂၃၆၅၅၇)၊ ဦးသန့်ဇင်လင်း (၀၉၃၃၅၄၂၀၄၀)၊ ဦးမျိုးနိုင်လင်း (၀၉၄၀၀၃၀၉၂၈၅)၊ တွဲလက်များ ပရဟိတအဖွဲ့မှ ဦးမျိုးသက်နိုင် (၀၉၄၇၀၇၂၁၂၃)၊ ဦးအောင်ဆန်းလင်း (၀၉၄၀၀၄၆၅၁၁၁)၊ ဦးကျော်မိုး (၀၉၂၅၉၄၀၂၁၅၀)၊ မေတ္တာဝါဒီ ပရဟိတ အဖွဲ့မှ ဦးလွင်မိုးအောင် (၀၉၃၃၆၆၃၁၅၁)၊ ဦးဘိုမြင့်ထွေး (၀၉၂၆၅၄၅၃၁၉၃)၊ ဦးစိုးနိုင်ဦး (၀၉၂၅၈၇၆၇၅၉၅) စသူတို့ထံ ဆက်သွယ် လှူဒါန်းနိုင်ကြကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။
သို့သော်လည်း ဒေသခံများမှာ ၎င်းတို့၏ ဘဝ ပြန်လည်ထူထောင်ရေးအတွက် ဆိုလျှင် အနည်းဆုံး ကိုးလမှ သုံးနှစ်ခန့်အထိ ကြာမြင့်မည်ဖြစ်ကြောင်း တောင်သူများက ပြောကြသည်။ ဆောင်းသီးနှံ စိုက်ပျိုးရိတ်သိမ်းရန် အတွက်ပင် အနည်းဆုံး လေးလခန့် စောင့်ဆိုင်းရမည် ဖြစ်ပြီး ကြားကာလတွင် ရပ်တည်နိုင်ရန်အတွက် စုဆောင်း ထားသည့် စပါးများ၊ ပဲများ၊ ဆီများ စသည့်ထွက်ကုန်များမှာ ရေနှင့်အတူ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ရွာ မပျောက်သူများ အတွက် နေရပ်ပြန်ရေး လွယ်ကူနိုင်သော်လည်း ဆက်လက်ရပ်တည်ရေး အတွက် လက်လုပ်လက်စားများ၊ တောင်သူများမှာမူ လုပ်ကိုင်စရာ၊ စားစရာ မရှိသည့်ဘဝသို့ ရောက်ရှိနေရပြီဖြစ်သည်။
“လယ်မြေပျောက်မှတော့ ဘဝပျောက်ပြီပေါ့။ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် လုပ်ကိုင်ဖို့ မလွယ်သေးဘူး” ဟု ခပ်လှမ်းလှမ်းရှိ ရွှံ့ပြင်ကျယ်ကြီးသဖွယ် မြင်တွေ့နေရသည့် သူတို့၏ ကျေးရွာဘက်ဆီ ငေးရင်း ပေါက်ခုံရွာမှ တောင်သူဦးလှအောင်က ပြောဆိုလေသည်။
မြတ် (ကလေး) - Thevoicemyanmar.com

မှတ်ချက်များ