ကျီးလန့်စာစား လမ်းမများ


အခုရက်တွေထဲမှာ ကြားနေ ရတဲ့ တက္ကစီဇာတ်လမ်းတွေက ဖြင့် ကြောက်ခမန်းလိလိတွေ ချည်းပါပဲလား။ အမြဲလိုလို တက္က စီနဲ့ပဲ ခရီးနှင်နေဖြစ်ခဲ့တာကြာပြီ မို့ တက္ကစီဒရိုင်ဘာတွေနဲ့လည်း ထွေးရောယှက်တင်ဖြစ်ကာ သူ့ ဝေဒနာ၊ ကိုယ့်ဝေဒနာအပြန် အလှန်ဖွင့်အန်မိကြတာကလေး တွေကလည်း ရှိလာခဲ့ပြီလို့ ဆိုကြ ပါတော့။

တစ်ရက် လက်စွဲတော်တက္က စီသမားကလေးတစ်ယောက်နဲ့ ခရီးနှင်လာခဲ့တုန်း ကိုယ်က ဘယ် လိုလဲဟ ကားဆွဲရတာ အဆင်ပြေရဲ့လား၊ ဘာလားနဲ့ စကား တောက်ကြည့်လိုက်တဲ့အခါ သူ ကညည်းပါတယ်။ ကျွန်တော်တို့ ကို လူတွေမယုံတော့ဘူးဆရာတဲ့။

တစ်ည ၇ နာရီနဲ့ ၈ နာရီထဲ မှာပဲရှိသေးတဲ့ တစ်ည။ အမျိုးသမီး ငယ်တစ်ယောက်က သူ့ကားကို ငှားစီးပါလေသတဲ့။ ငှားစီးတဲ့နေ ရာက ဘုရင့်နောင်လောက်က။ သွားမယ့်နေရာက မြောက်ဥက္က လာပ။ အမျိုးသမီးက ကားပေါ် မတက်ခင်မှာ မေးခွန်းတစ်ခုမေး ပါတယ်။ ဘယ်လမ်းကသွားမှာလဲ ဆိုတဲ့ မေးခွန်းပါ။ ကားဆရာ ကလေးက နီးရာလမ်း၊ လူရှင်းရာ လမ်းကို စဉ်းစားပြီး လေဆိပ်လမ်း ကနေသွားမယ်လို့ ပြန်ပြောတဲ့ အခါ ခေါင်းခါပါလေသတဲ့။ ကျွန်မအဲသည့်လမ်းကနေမလိုက် ရဲဘူးဆိုလား။ ရှစ်မိုင်ဘက်က သွားပြီး မြောက်ဥက္ကလာပကို မြို့ထဲကနေဝင်တဲ့လမ်းအတိုင်း မောင်းဝင်သွားရင်တော့လိုက်ချင် တယ်တဲ့။ ပွင့်ပွင့်လင်းလင်းကြီးပါ ပဲ။ ကားဆရာကလည်း ပွင့်လင်း ပါတယ်။ အဲဒါဆိုရင်တော့ လမ်း ကနည်းနည်းပိုရှည်သွားတာမို့ တစ်ထောင်တော့ ပိုပေးပါဆို လား။ အမျိုးသမီးငယ်ကလည်း ပေးပါမယ်တဲ့ခင်ဗျ။ ပြောရရင် စီးသူနဲ့ မောင်းသူကြားမှာ အဆင် ပြေသွားကြပါရောဆိုပါတော့။

ကားဆရာက သူ့အဖြစ်ကို သူသုံးသပ်ပါတယ်။ ကျွန်တော် သွားမယ့်လမ်းက ရှင်းပေမယ့် သူ ကမလိုက်ရဲတာ သဘာဝကျပါ တယ်ဆရာတဲ့။ ဒါပေမဲ့ ကျွန် တော်ကလည်း လမ်းကြောင်းပို ရှည်သွားတာမို့ တစ်ထောင်ပို မတောင်းလို့ကလည်းမဖြစ်တဲ့ အနေအထားဆရာရဲ့တဲ့။ လူတွေ တစ်ယောက်ကို တစ်ယောက်မ ယုံကြတော့ဘူး ဆရာရယ်ဆိုလား။

(နှစ်)

နောက် တက္ကစီဆရာတစ် ယောက်ကတော့ သူကခံရတဲ့သူ ပါ။

ရန်ကုန်မြို့ရဲ့ အချက်အချာ ကျတဲ့ ဆူးလေဘုရားလမ်းမကြီး တစ်နေရာကနေ သူ့တက္ကစီကို လူတစ်ယောက်က ငှားတာပါ။ စပြီးငှားတဲ့အချိန်က နေ့ခင်း ၁၂ နာရီဝန်းကျင်ဖြစ်နေပါပြီ။ သူက ညနေအထိ ပုတ်ပြတ်သုံးသောင်း ခွဲနဲ့ငှားတာပါ။

သိပ်မဆိုးလှတဲ့ဈေးလို့ဆိုရ မှာပေါ့။ နေ့ဝက်ပဲကျိုးနေခဲ့ပြီ ဥစ္စာ။ နေ့တစ်ဝက်ကို သုံးသောင်း ခွဲပေးတာဟာ ကားဆရာအတွက် သိပ်ကို တန်လွန်းတဲ့နှုန်းထားပဲ ပေါ့။ ဒါကြောင့် သူကလည်း လက်ခံသပေါ့။ ဒါနဲ့ ဟိုမောင်းလိုက် သည်မောင်းလိုက်၊ ဟိုရပ်လိုက် သည်ရပ်လိုက်ပေါ့။ တကယ် မဟုတ်တဲ့လုပ်ငန်း အစီအစဉ်တွေကို တောင်ပြောလိုက်မြောက်ပြောလိုက်ပေါ့။

ညနေ ၅ နာရီကျော်ကျော် ၆ နာရီနီးနီးလောက်မှာတော့ နှစ် ထပ်ဆောက်ထားတဲ့ ဘီယာဆိုင် ကလေးတစ်ဆိုင်ရှေ့မှာ ကားကို ရပ်ခိုင်းပြီး အပေါ်ထပ်မှာ နှစ်ဦး သား ဘီယာအတူသောက်ပါတယ်။ စည်ဘီယာကို နှစ်ယောက် တည်းသောက်တာ သုံးသောင်းနီးနီးလောက်ကျတယ်ဆိုတော့ တစ်ခွက်ပြီးတစ်ခွက် ဘယ်လောက်အထိ ခရီးသွက်နေခဲ့ကြ သလဲဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။

အဲသည့်နောက်မှာတော့ ကားငှားပြီးစီးတဲ့သူ အောက်ထပ် ကို အပေါ့သွားဖို့ဆင်းပါတယ်။ စာဖတ်သူစဉ်းစားထားပြီးဖြစ်မယ့် အတိုင်းပါပဲ။ သူပြန်တက်မလာ တော့ပါဘူး။ တက္ကစီဆရာကလေးဟာ ကားခလည်းမရ စားသောက်ထားတာတွေကို ရှင်းလိုက်ရတဲ့အပြင် လက်ကိုင်ဖုန်း ကလေးပါပါသွားခဲ့ပါလေရဲ့။

(သုံး)

လူတွေဟာ ဘယ်သူ့ဘယ် သူမှမယုံရတဲ့အနေအထားကို ဆိုက်ရောက်လို့လာခဲ့ပါပြီ။

ကားဆရာတစ်ယောက်က သူ့လက်တွေ၊ ကိုယ်တွေမှာ ထိုး ထားတဲ့ ဆေးမင်ကြောင် (tattoo) တွေကို သူပြန်ငုံ့ကြည့်ပြီး တချို့ က ကျွန်တော်တို့လို တက်တူးထိုး ထားတဲ့ကားသမားမောင်းတဲ့ အ ငှားယာဉ်ဆိုရင်မလိုက်တော့ဘူး ဆရာလို့ဆိုကာ မျက်ရည်ဝဲ နေခဲ့ပါလေရဲ့။

အမျိုးသမီးငယ်တစ်ယောက်က တက္ကစီကားနောက်ခန်းမှာထိုင်လိုက်လာခဲ့တုန်း မိန်းမတယောက်ရဲ့ အော်သံစူးစူးကိုကြားမိလိုက်လို့ ဘာများဖြစ် ပါလိမ့်မလဲလို့ဆိုကာ လှမ်းကြည့်တော့ ကားဆရာက မြင်ကွင်း တော်တော်ကျယ်တဲ့ လက်ကိုင်ဖုန်းနဲ့ အပြာကားကြည့်နေတယ်ဆိုလား။ ဖိုမကိစ္စတစ်တစ်ခွခွတွေနဲ့အတူ ထွက်လာတဲ့အသံကို ခရီးသည် မိန်းကလေးက သဘောပေါက်သွားတဲ့အခါ ရှင့်ကားကိုအခုရပ်ပေး၊ ကျွန်မဆင်းမယ်တွေဘာတွေဖြစ်ကုန်ပါလေရောတဲ့။ ကားဆရာပြန်ပြောပုံက ခင်ဗျားမကြည့်ချင် မျက်စိမှိတ်ထားပေါ့ဆိုလား။ ခရီးသည်အရွယ်ကောင်းကို အပြာရုပ်ရှင်နဲ့ သွေးတိုးစမ်းမြှူဆွယ်ကြည့်နေခဲ့တာကိုး။ နေရာမလပ် အန္တရာယ်အဝဝနဲ့ စိတ်မချရတဲ့ နိုင်ငံတော်ကြီးဖြစ်နေရတာ ကြေကွဲဖို့ ကောင်းလိုက်တာ။

(လေး)

တစ်ရက်မှာ အရာရှိပေါက်စ သမီးငယ်ကလေးက မိသားစုဆီ ကို ဖုန်းဆက်ပါတယ်။ Message လည်းပို့ပါတယ်။ Viber လည်းပို့ ပါတယ်။ သူတက္ကစီနဲ့ ပြန်လာနေ ပြီဆိုတဲ့အကြောင်း။ သူစီးလာတဲ့ တက္ကစီကားရဲ့ နံပါတ်၊ သူစီးလာ တဲ့ တက္ကစီကားရဲ့ဓာတ်ပုံ၊ စုံစုံ လင်လင်ကြီးကိုပဲ ပို့ချထည့်လိုက် တာပါ။ သမီးက အခုနောက်ပိုင်း တက္ကစီစီးလာရင် အခုလိုအမြဲ လုပ်တယ်ဆရာရဲ့ လုံခြုံတာပေါ့တဲ့။ အဲဒါ ကျွန်တော်တို့ချစ်တဲ့ မြန်မာနိုင်ငံကြီးမှာ ဖြစ်နေတာ တွေပေါ့။

တက္ကသိုလ်ဆရာတစ်ယောက်နဲ့ တက္ကစီနောက်ခန်းကနေ နှစ်ယောက်တွဲပြီးစီးသွားတဲ့ တစ်ရက်မှာ အဲသည့်ဆရာက Lock ချထားလိုက်ပါလားဆရာတဲ့။ ဘေးကနေကားတံခါးဆွဲဖွင့် ဝင်လာပြီး အန္တရာယ်ဝင်မလာနိုင်အောင်တဲ့။ သူ့ကြည့်ရတာ တကယ့်ကိုကြောက်နေတဲ့ပုံကြီးနဲ့။ အဲဒါကျွန်တော်တို့ချစ်တဲ့ မြန်မာနိုင်ငံကြီးမှာ ဖြစ်နေတာတွေပေါ့။

ဘယ်သူကမှ ယုံကြည် လောက်အောင် မလုပ်တဲ့အခါ လူတွေဟာ ဘယ်သူ့ကိုမှ ဘယ်အရာကိုမှ မယုံစားနိုင်ကြတော့ဘူးဆိုတာဖြစ်လာခဲ့ကြရတာပါ။

ညဥ့်သန်းခေါင်ကျော်မှာ တစ်ယောက်တည်းလျှောက်သွား လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ စင် ကာပူလို၊ ဘယ်သူတစ်ဦးတစ် ယောက်မှ ဘယ်သူတစ်ဦးတစ် ယောက်ရဲ့ပစ္စည်းကို မခိုးမဝှက် မလုမယက်ဘူးဆိုတဲ့ ဂျပန်လို နိုင်ငံက နိုင်ငံသားတွေကို အံ့ဩ လိုက်တာ။ မိုးပျံတိုက်ကြီးတွေ ဆောက်တာထက် နိုင်ငံသားတွေ ရဲ့ မိုးပျံစိတ်ကြီးတွေ ဆောက်ထား ပုံကို ကျွန်တော်တို့ အတုယူဖို့ကောင်းလိုက်တာ။။

7day daily

မှတ်ချက်များ