ပူသဗျ၊ လူလှ၊ ကူကြ၊ ကယ်ကြပါ


သူငယ်ချင်း ထူးမြတ်တစ်ယောက် သူ့နာမည်နဲ့ လိုက်ဖက်တဲ့ ကာရန်ကို စဉ်းစားတာ နှစ်ရက် တောင်ရှိသတဲ့။ နောက်ဆုံး စိတ်ပေါက်ပေါက်နဲ့ပေးလိုက်တဲ့ သူ့ကာရန်က 'မြင်းကန်...တက် ဦးထူးမြတ်' တဲ့ဗျ။ စိတ်လိုက်မာန်ပါ မြင်းအကန်ခံလိုက်တဲ့ မောင်ထူး မြတ်ကိုစာနာပြီး မှတ်ချက်ပေးတဲ့ သူငယ်ချင်းတစ်ယောက် က စာနယ်ဇင်းသမားပီပီ 'ကလောင်ထက်ထက် ထူးမြတ် မြတ်'လို့ နာမည်အသစ်ထွင်ပေးလိုက်ပါတယ်။

ဆိုတော့ အကြောင်းသိဖြစ်တဲ့ ကျုပ်ကလည်း 'ထူး မြတ် မူးလျက် တူးတတ် ဒူးဖက် ရူးချက် ဂလူးဂလူးတက်' လို့ အမွှမ်းတင်ပေးလိုက်ပါတယ်။ သူက သောက်တတ် တော့ မူးနေတာများတယ်လေ။ သတင်းသမားပီပီ တူးရ ဆွရမယ်ဆိုရင် လာထားပဲ။ နောက် ရူးချက်တော့ သူ့ ကောင်မလေးကိုဒူးဖက်ပြီး ချစ်ရေးဆိုသဗျ။ ဂလူး ဂလူး တက်ဆိုတာကတော့ အထူးပြောစရာမလိုဘူးမဟုတ်လား။

ကိုယ့်နာမည်ကို ကာရန်စပ်နေကြတာ ထူးမြတ်တစ် ယောက်တည်း မဟုတ်ဘူးဗျ။ ကျုပ်ရဲ့ မိတ်ဆွေအစ်ကိုကြီး တွေလည်း စပ်ကြတာပဲ။ ကိုယ်ရယ် မင်းရယ်၊ ဒေါ်အောင် ဆန်းစုကြည်ရယ်ဆိုတဲ့ သရော်စာရှင် ကိုဘစီကလည်း သူ့ကိုယ်သူ 'အလွန်ဆော်ကြည် မောင်ဘစီ' တဲ့။ ဟော နောက်တစ်ယောက် ကိုဟိန်းဇော်ကလည်း 'ပြည်သူ့အချစ် တော် မောင်ဟိန်းဇော်'တဲ့ဗျာ အံ့ရော အံ့ရော။ အဲဒါနဲ့ ဖေ့စ်ဘွတ်ခ်တစ်ခွင်မှာ တစ်ဟုန်ထိုး ခေတ်စားလာတဲ့ ကိုယ့် နာမည်ကို အရူးထပြီး ကာရန်စပ်တဲ့ကိစ္စကို အကြောင်း ရင်းလိုက်ရှာတော့ တွေ့ပါပြီ။ 

'ရင်မှာစွဲလမ်း ဦးတင့်ဆန်း'ဆိုတဲ့ ဆိုင်းဘုတ်လေး။ 'ပြည်သူချစ်ကြည် ဦးခင်ရီ'တဲ့ဗျာ။ ဦးတင့်ဆန်းဆိုတဲ့ အား ကစားဝန်ကြီးက လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ် တော် အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာမို့ သူ့ မဲဆန္ဒနယ်မြောင်းမြမှာ မဲဆွယ်စည်းရုံးရာမှာ သူ့နာမည် ကို မဲဆန္ဒရှင်ဒေသခံတွေ ရင်ထဲရောက်အောင် ဆွဲဆောင် တဲ့သဘောပါ။ ဒေသခံတွေရဲ့ ရင်ထဲကို သူ့နာမည်ရောက် မရောက်တော့မသိဘူး။ ဖေ့စ်ဘွတ်ခ်က ကျုပ်မိတ်ဆွေ တော်တော်များများရဲ့ အတွေးထဲတော့ ရောက်သွားသဗျ။

'ပြည်သူချစ်ကြည် ဦးခင်ရီ'ဆိုတာကတော့ စစ်အစိုးရ ခေတ်တုန်းက ရဲချုပ်ခင်ရီဗျ။ နောက် ဦးသိန်းစိန်အစိုးရ လက်ထက်ရောက်တော့ လူဝင်မှုကြီးကြပ်ရေး (လဝက) ဝန်ကြီးပေါ့ဗျာ။ အခုရွေးကောက်ပွဲနားနီးတော့ ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ အမျိုးသားလွှတ် တော်အမတ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့်သူပေါ့ ဗျာ။ ဆိုတော့ ပြည်သူချစ်ကြည်သလား၊ မကြည်သလား တော့ မသိပါဘူး၊ သူတို့ရဲ့ ကာရန်လှလှလေးတွေနဲ့ဆိုတော့ ကျုပ်အတွက် တကယ့်ကိုရယ်စရာ၊ ရွှင်စရာ စွဲလမ်းမိပါရဲ့။

သူများတွေက နာမည်လှလှ ကာရန်လှလှတွေရှာဖွေ ရေးစပ်ကြတော့ ကျုပ်လူလှလည်း ကာရန်စပ်ချင်လာတယ် ဗျ။ အဲဒါနဲ့ လူလှနဲ့ လိုက်ဖက်မယ့် ကာရန်လှလှရှာမိပါလေ ရော။ ဒီတစ်ကြိမ်တော့ ထူးမြတ်ကို ကိုယ်ချင်းတကယ်စာ မိသွားပါတယ်။ လူလှကို ကာရန်ရှာကြည့်တော့ တော်တော် ခက်သဗျ။ ထူးမြတ်က နှစ်ရက်ကြာတယ်၊ ကျုပ်က သူ့ထက် ပိုကြာသေးတယ်။ နောက်ဆုံးတော့ 'ပူသဗျ၊ လူလှ၊ ကူကြ၊ ကယ်ကြပါ'လို့ တလိုက်မိတော့တယ်။

အကြောင်းက ဒီလိုဗျ။ စက်တင်ဘာ ၂၂ ရက်ရဲ့ နံနက် ၈ ခွဲ၊ ၉ နာရီအချိန်မှာ ဘာမိုးရိပ်မိုးသားမှ ကောင်း ကင်မှာ မတွေ့ရဘူးလေ။ ကြက်ဥနှစ်ရောင် ဝင်းထိန်စူးရှ နေတဲ့ နေမင်းကြီးရဲ့ ရောင်ခြည်က တော်တော်ပူသဗျ။ အ ခြေခံလူတန်းစားတို့ထုံးစံအတိုင်း ဘတ်စ်ကားမှတ်တိုင် ကို ရောက်တော့ ကားစောင့်တယ်ပေါ့ဗျာ။ ကျုပ်စောင့်နေ တဲ့ကားက တစ်မှတ်တိုင် တစ်ရာကျပ်တန်ကားဆိုပါတော့။ အဲဒီတော့ နှစ်ရာတန်အထူးကားတွေကို ကျုပ်က ရှောင် ရတယ်လေ။ အမိုးမရှိ၊ အကာမရှိနဲ့ ကားမှတ်တိုင်မည် သော ဗာဒံပင်အောက်မှာ ကားစောင့်ရတယ်ဆိုပေမယ့် အရှေ့အရပ်က လာနေတဲ့ နေရောင်ခြည်ပူပြင်းပြင်းကို ခံ ရသဗျ။

နေပူပြင်းပြင်းမှာ ကားစောင့်ရတဲ့ဒုက္ခကို သိချင်ရင် တော့ ကိုယ်တိုင်ခံကြည့်ကြပေါ့ဗျ။ တစ်ရာတန်ကားတွေ ကလည်း လာခဲပါဘိ။ အရင်ကဆို ဟောတစ်စီး၊ ဟော တစ်စီးပဲ။ အခုကျဘာကြောင့်များ မလာပါလိမ့်လို့ ခရီး သည်အချင်းချင်း စကားစမိတော့ ဘတ်စ်ကားတွေ သပိတ် မှောက်နေကြသတဲ့။

သက်တမ်းကုန်လုလု အစိုးရလက်ထက်မှာ လောလော လတ်လတ် ထုတ်လိုက်တဲ့ မော်တော်ယာဉ်ဥပဒေပါ ဒဏ် ကြေးသတ်မှတ်ချက်များကို မကျေနပ်ကြလို့ ယာဉ်လိုင်း တွေ မထွက်ဘဲနေကြတာတဲ့။ အရင်က ၁၅ဝဝ က အခု ကျပ် ၃ဝဝဝဝလောက်အထိ ဖြစ်သွားတယ်တဲ့။ ''ဒါဆို လွန် တာပေါ့''ဆိုတော့ တစ်ဖက်က''စည်းကမ်းလိုက်နာရင် ဘာ ဒဏ်ကြေးမှ ဆောင်စရာမလိုပါဘူး''တဲ့။ အင်း ''ဒါဆို စည်း ကမ်းလိုက်နာကြပေါ့ဗျာ''ဆိုတော့ တစ်ဖက်က ''စည်းကမ်း က သူတို့ပါးစပ်ထဲမှာပဲ ရှိတာ''တဲ့။ ''ကျုပ်လဲ မပြောတတ် တော့ဘူးဗျာ''လို့ဆို နှစ်ရာတန် (၄၈) အထူးကားကိုပဲ တက် စီးလိုက်တော့တယ်။

အဲ…ယောင်လို့ တွယ်စီးခဲ့တယ်ဆိုပါတော့။ ကားတွေ က ဆန္ဒပြနေကြတော့ ဆွဲတဲ့ကားကိုပဲ အလုအယက်စီးကြ ရတော့ ကျုပ်စီးတဲ့ (၄၈)အထူးကားကလည်း ပြည့်လို့ ညပ် လို့ဗျ။ အဲဒါကြောင့် အပေါက်ဝက စပယ်ယာဘေးရပ်တဲ့ နေရာမှာ ခြေတစ်ဖက်တင်ပြီး တံခါးပေါင်ကို အမိအရကိုင် ကာ တွယ်စီးခဲ့တာပေါ့။ လှည်းတန်းမှတ်တိုင်ရောက်တော့ ကျုပ်လည်းဆင်းရော။ ကျုပ်လိုပဲ (၄၈)အထူးကားကို စီး မယ့် ခရီးသည်တွေက အလုအယက်၊ တွယ်တွယ်ကပ်ကပ်။

ကျုပ်တို့ အခြေခံဝန်ထမ်းခရီးသည်တွေဆိုတာ မှန် မှန်၊ မှားမှား ဘာမှပြန်ပြောခွင့်ရှိတဲ့သူတွေ မဟုတ်ကြဘူး။ အစိုးရက ယာဉ်လိုင်းတွေအပေါ် ဒဏ်ကြေးပိုကောက်ရင် သူတို့က ခရီးသည်တွေအပေါ် ပိုက်ဆံပိုတောင်းမယ်။ ပိုက် ဆံ ပိုတောင်းလို့ ခရီးသည်က မပေးချင်သလိုလိုပြန်ပြော ရင် ကားပေါ်က ဆင်းခိုင်းမယ်။ ခရီးသည်အများနဲ့ စပယ် ယာ တစ်ယောက် ဆိုပေမယ့်လည်း သူ့ကားပေါ်ရောက် သွားရင် သူ့စကားကို ဘယ်သူမှလွန်ဆန်ရဲတာ မဟုတ်ဘူး ဗျ။ ခရီးသည်တွေကလည်း ၅ဝ တန်ကို တစ်ရာပိုတောင်း နေမှန်းသိပါလျက်၊ တစ်ရာတန်ကို တစ်ရာပိုတောင်းနေ မှန်းသိပါလျက် အပေါက်ဆိုးဆိုးစပယ်ယာကို စကား ဖက် မပြောချင်တာနဲ့ ခေါင်းမော့ရင်ကော့ပြီး အညံ့ခံ လိုက်တာက များပါတယ်။

အခုလို ဘတ်စ်ကားတွေမထွက်ကြဘဲ သပိတ်မှောက် ဆန္ဒပြနေကြတော့လည်း ကျုပ်တို့က ဘာတတ်နိုင်မှာတဲ့ တုံး။ ကိုယ်ပိုင်ကားမှ မဝယ်နိုင်ကြပဲလေ။ သမ္မတပြောရေး ဆိုခွင့်ရှိသူကြီး ဦးရဲထွဋ်ကတော့ပြောပါရဲ့။ တပ်ပိုင်ဘတ်စ် ကားတွေကို အစားထိုးပြေးဆွဲပေးမတဲ့ဗျာ။ ဝမ်းသာလိုက် တာလွန်ရော။ နောက်မှပြန်စဉ်းစားမိပါတယ်။ အခုလမ်း ပေါ်မှာ ပြေးဆွဲနေကြတဲ့ ဘတ်စ်ကားလိုင်းတွေကရော တပ်နဲ့မှ ကင်းကြပါရဲ့လားလို့။ ဘတ်စ်ကားလိုင်းတွေကို ထိန်းသိမ်းရပါသော မထသ(မော်တော်ယာဉ်လိုင်းပေါင်း စုံထိန်းသိမ်းရေးကော်မတီ)ကိုပဲ ကြည့်လေ။ တပ်က လူ တွေ ပါတာပဲဗျ။ ဒါနဲ့ မထသဥက္ကဋ္ဌကြီး ဦးလှအောင်ရဲ့ အဆိုအရတော့ ဒဏ်ကြေးကိုပြင်ဆင်မယ့် အနေအထား မရှိဘူးဗျ။ အင်း...ကြားထဲက ကျုပ်တို့ ခရီးသည်တွေ ကတော့ မြေစာပင်ပေါ့ဗျာ။ ကူမယ့် ကယ်မယ့်သူလည်း ရှိ တော့ဘူး ထင်ပါရဲ့။ ဒါကြောင့် ကျုပ်က ''ပူသဗျ၊ လူလှ၊ ကူကြ၊ ကယ်ကြပါ''လို့ တလိုက်ရတာပဲ။

တစ်ဆက်တည်းပြောရရင် ရွေးကောက်ပွဲ မဲစာရင်း ကိစ္စပေါ့ဗျာ။ ကော်မရှင်ဥက္ကဋ္ဌကြီးဦးတင်အေးတို့ရဲ့ နောက် ဆုံး ထုတ်လိုက်တဲ့မဲစာရင်းကို ခုထိကို ကျုပ်သွားမကြည့် သေးဘူးဗျ။ သူများပြောတာ ကြားတာနဲ့တင် ရင်တမမဖြစ် နေတယ်။ ဒေါသတွေကလည်း အလိပ်လိုက် အလိပ်လိုက် ထွက်နေသဗျ။ ကြည့်လေဗျာ။ ကျုပ်နေတဲ့အိမ်က တစ်မိသား စုလုံးက နာမည်တွေရှာမရဘူးတဲ့။ သူတို့တစ်မိသားစုလုံး ရဲ့နာမည်တွေ အရင်မဲစာရင်းမှာပါတာ ကျုပ်ကိုယ်တိုင်မြင် ခဲ့တာ။ အခုမှ ရှာမရဖြစ်နေတာ။ ဆိုတော့ အရင်ထုတ်ပြန် တုန်းကတောင် ကျုပ်နာမည်မပါတာ ကျုပ်က ဘာသံယော ဇဉ်ကြီးပြီး သွားကြည့်စရာလိုတုန်းဗျာ။ ဦးတင်အေးလည်း ပြောထားတယ်လေ။ ''၃ဝရာခိုင်နှုန်းပဲ အာမခံ''သတဲ့။

သေချာတယ် ဒီတစ်ကြိမ်လည်း ကျုပ်နာမည်မပါနိုင် သေးဘူးဗျ။ နောက်ကျုပ်တို့လို ဧည့်စာရင်းနဲ့နေတဲ့ မဲဆန္ဒ ရှင်တွေအဖို့ တော်တော်ရင်လေးစရာဗျ။ ရွာမှာပါနေတဲ့ အမည်စာရင်းကို သွားဖျက်ဖို့ကလည်း ပိုက်ဆံကုန်ဦးမယ်။ ဒီမှာလည်း မဲစာရင်းပါဖို့ လုံးပန်းရဦးမယ်။ နောက်ပြီး ပါ မှန်း မပါမှန်းကလည်း မသိဘူး။ တစ်နေ့က သူငယ်ချင်းသတင်း ထောက်တစ်ယောက်ပြောလို့ သတိထားမိတယ်။ ရန်ကုန် မြို့လှိုင်သာယာမှာ ဧည့်စာရင်းသမားတွေရော၊ ယာယီ သန်းခေါင်စာရင်းသမားတွေရော အခုနောက်ဆုံးအကြိမ် ထုတ်တဲ့မဲစာရင်းမှာ မပါသေးဘူးတဲ့ဗျ။ အဲဒီတော့ ကျုပ်တို့ ရွှေနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် ရေကြည်ရာ မြတ်နုရာ စီးပွားရှာနေကြရတဲ့ ရွှေ့ပြောင်းအလုပ်သမား တွေက တယ်များသကိုး။ ပြည်ပထွက်ပြီး လုပ်ကိုင်နေတဲ့သူ တွေဆိုရင် အသက်(၁၈)နှစ်ပြည့်ပြီးသူတွေချည်း မဟုတ်ပါ လား။ နိုင်ငံတကာမှာ သန်းနဲ့ချီရှိနေကြတယ်လေ။ မဲပေး ဖို့ လျှောက်ထားတဲ့သူက နှစ်သောင်းကျော်ကျော်ရယ်။

ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားနဲ့ အိမ်ထောင်စုကို လည်းကြည့်ဦး။ သေချာစစ်တမ်းကောက်ကြည့်ရင် သန်းနဲ့ ချီနေဦးမှာပဲ။ ကော်မရှင်ထုတ်ပြန်ချက်အရ မဲပေးပိုင်ခွင့်ရှိ တဲ့သူ ၃၂သန်းရှိနေတယ်လို့ သိရပါတယ်။ ဆိုတော့ ဧည့် စာရင်းသမားတွေ၊ ယာယီသန်းခေါင်စာရင်းသမားတွေ၊ ပြည်ပရောက်မဲဆန္ဒရှင်တွေ စသဖြင့် တိကျခိုင်မာတဲ့ စာရင်း အချက်အလက်တွေကိုဖြင့် ကော်မရှင်ဥက္ကဋ္ဌကြီး ဦးတင် အေးတို့က တာဝန်ယူပြီး ထုတ်ပြန်ပေးစေချင်တယ်ဗျာ။ ဒါမှသာ လာမယ့်ရွေးကောက်ပွဲအတွက် လေလွင့်သွားမယ့် ဆန္ဒမဲတွေကို တွက်ဆနိုင်မှာဗျ။ သေချာတာတစ်ခုကတော့ ကျုပ်ရဲ့ဆန္ဒမဲကတော့ လေလွင့်သွားမယ်ထင်ပါ့ဗျာ။

ဘာကြောင့်ဆို ကျုပ်ကပုံစံ(၃)နဲ့လည်းမလျှောက် ချင်ဘူး။ ပုံစံ(၄)နဲ့လည်း မကန့်ကွက်ချင်ဘူး။ ကျုပ်က နိုင်ငံ သားမပီသဘူးပဲ ပြောပါတော့ဗျာ။ သေချာတာတစ်ခုက တော့ ကျုပ်တစ်ကြိမ်မဲစာရင်းသွားကြည့်ဖြစ်တယ်။ ကျုပ် နာမည် မဲစာရင်းမှာမပါဘူး။ ပုံစံ(၃)စာရွက်ယူလာတယ်။ ဖြည့်စရာရှိတာ ဖြည့်တယ်။ ကျုပ်ကို စိတ်ထိခိုက်စေတဲ့ အချက်ကတော့ ကျုပ်လုပ်တဲ့ အလုပ်အတွက် ထောက်ခံချက် တဲ့ဗျာ။ အဲဒီမှာ ကျုပ်တော်တော်စိတ်ပျက်သွားပြီ ''တော်ပြီ ကွာ''လို့ နိုင်ငံသားတစ်ယောက်ရဲ့ မဲပေးချင်တဲ့စိတ်ကို အဆုံးသတ်လိုက်ပါတယ်။
၂ဝ၁ဝပြည့်ရွေးကောက်ပွဲတုန်းကဆိုရင် ကျုပ် ဒါတွေ မလုပ်ခဲ့ရပါဘူးဗျာ။ နှစ်ပတ်ခြားတစ်ကြိမ်လောက် ဧည့် စာရင်းတိုင်ခဲ့တာပဲရှိတယ်။ ရွေးကောက်ပွဲရောက်တော့ မဲပေး ခွင့်ရခဲ့တာပဲ။ အခုမှသာ အလုပ်တွေ ရှုပ်နေကြတာ။ ဒီလို ပြောလို့ ကျုပ်လူလှကို မယဉ်ကျေးဘူးလို့ ထင်ချင်ထင် ကြပါ။ မဲပေးခွင့်ရရင်တော့ ပေးချင်တာပေါ့။ ဒါကြောင့် ''ပူသဗျ၊ လူလှ၊ ကူကြ၊ ကယ်ကြပါ''လို့ တ,မိတာ။ ။

လူလှ - Yangon Media Group

မှတ်ချက်များ