ထိုင်းသတင်းသမား ၂ ဦး ကွင်းလုံးကျွတ်လွတ်မြောက်


ထိုင်းရေတပ်ကို အသရေဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ ထိုင်းတောင်ပိုင်း ဖူးခက်မြို့က ဂျာနယ်လစ် ၂ ယောက်ကို ဖူးခက် တရားရုံးက အပြစ်မရှိကြောင်း ဒီကနေ့ ဆုံးဖြတ် လိုက်ပါတယ်။

သြစတြေးလျနိုင်ငံသား မစ္စတာ မော်ရစ်ဆန်နဲ့ ထိုင်းဂျာနယ်လစ် ချူတိမာတို့ကို ကွင်းလုံးကျွတ် အပြစ်မရှိကြောင်း ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါတယ်။

တရားရုံးက တကယ်လို့သာ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်ချမယ်ဆိုရင် သူတို့ ၂ ဦးဟာ ထောင်ဒဏ် ၇ နှစ်အထိချမှတ်ခံရနိုင်ဖွယ်ရှိတာ ဖြစ်ပါတယ်။

တရားရုံးဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မစ္စတာ မော်ရစ်ဆန်က အခုလို ဆုံးဖြတ် လိုက်တာဟာ ထိုင်းသတင်းမီဒီယာအားလုံး လွတ်လပ်ခွင့်ရှိတယ်ဆိုတာ ပြသလိုက် တာလို့ ပြောလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂ဝ၁၃ ခုနှစ်က နိုင်ငံတကာသတင်းဌာနကြီး ရိုက်တာက မြန်မာနိုင်ငံက လှေစီးဒုက္ခသည်တွေအရေးမှာ ထိုင်းရေတပ်က ငွေကြေးယူတဲ့အပြင် လှေစီးဒုက္ခသည် တွေ ဒုက္ခရောက်နေတာကို သိလျက်နဲ့ မျက်ကွယ်ပြုနေတယ်ဆိုပြီး ရေးသားတဲ့ ဆောင်းပါးကို အဲဒီ ဂျာနယ်လစ် ၂ ဦးက သူတို့ရဲ့ ဖူးခက်ဝမ် ဝက်ဘ်ဆိုက်မှာ ဖော်ပြတာဖြစ်ပါတယ်။ အဲဒီလို ထပ်ဆင့် ဖော်ပြမှုနဲ့ တရားစွဲဆိုခြင်းခံရတာပါ။

ထိုင်းဂျာနယ်လစ် ချူတိမာနဲ့ သြစတြေးလျနိုင်ငံသား မစ္စတာ မော်ရစ်ဆန် တို့ကို စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ် (ဓါတ်ပုံ AFP)

RFA Burmese

မှတ်ချက်များ