နော်ဝေသို့ သြစတြေးလျနိုင်ငံမှ ကျောင်းသွားတက်နေသည့် အသက် (၂၄) နှစ်အရွယ် ကျောင်းသူတစ်ဦးသည် နော်ဝေနိုင်ငံရှိ ကမ္ဘာကျော် ရှုခင်းသာတောင်စွန်း နေရာ၌ ဓာတ်ပုံအရိုက်ခံရင်း ပြုတ်ကျပြီး သေဆုံးသွားကြောင်း သိရသည်။
ခရစ်စတီ ကာဖ်ကယ်လိုဒစ်သည် စနေနေ့က ကမ္ဘာကျော် ထရိုတန်ဂါ (လျှာကဲ့သို့ တောင်စွန်း) ၌ ဓာတ်ပုံ အရိုက်ခံရင်း မီတာရာပေါင်းများစွာ အောက်သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။ သြစတြေးလျ အစိုးရကလည်း သေဆုံးသူကျောင်းသူ၏ ကျန်ရစ်သည့် မိသားစုအား ကူညီ နှစ်သိမ့်လျက်ရှိကြောင်း သိရသည်။ နော်ဝေတွင် ထိုတောင်စောင်းမှာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာ လာရောက်သည့် နေရာတစ်ခုဖြစ်ပြီး တောင်စွန်းပေါ်တွင် မည်သည့်လုံခြုံရေး အရံအတားမှ မရှိဘဲ သဘာဝ အတိုင်းထားသည့် နေရာ ဖြစ်သည်။
သေဆုံးခဲ့ရသည့်ကျောင်းသူ မစ္စ ကတ်ဖ်ကယ်လိုဒစ်သည် နော်ဝေရှိ ဘာဂင်တက္ကသိုလ်တွင် ပြီးခဲ့သည့်လမှစ၍ နှစ်နိုင်ငံ ပညာရေး ဖလှယ်ရေး အစီအစဉ်တစ်ခုအရ နော်ဝေတွင် လာရောက် ပညာသင်ကြားနေသော သြစတြေးလျ ကျောင်းသူဖြစ်သည်။
နော်ဝေတွင် သူပြုတ်ကျခဲ့သည့် အဆိုပါ တောင်စွန်းမှာ မကြာသေးမီ နှစ်များအတွင်း တောင်စွန်းပေါ်မှ လေထီး ခုန်ချချင်သူများ၊ အပျော် ကြိုးခုန်ချသူများဖြင့် စည်ကားလာခဲ့သည့် နေရာဖြစ်သည်။ ပြီးခဲ့သည့်လကလည်း ထိုတောင်စောင်းတွင် ဗြိတိန်မှ စွန့်စားသူ တိုဘီဆီဂါသည် တောင်စောင်းပေါ်မှ နောက်ပြန်ကြိုးဆွဲ ခုန်ချကာ စွန့်စားခန်းတစ်ရပ် ပြုလုပ်ခဲ့သေးသည်။
messenger news journal

မှတ်ချက်များ