ချမ်းသာတဲ့ နိုင်ငံတွေမှာ ပညာမတတ်သူတွေသာ အ၀လွန် ရောဂါ အဖြစ်များ
အ၀လွန်ခြင်း ၊ ပညာရေး နဲ့ နိုင်ငံ တစ်နိုင်ငံရဲ့ ပြည်တွင်းထုတ်ကုန် နှုန်းထားတွေဟာ ဆက်စပ်နေတယ်လို့ သုတေသီတွေက လေ့လာမှုတစ်ခုအရ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အရင်တုန်းက ပြုလုပ်ခဲ့ဖူးတဲ့ လေ့လာမှု တွေက သက်သေပြခဲ့ဖူးတာဟာ နိုင်ငံတစ်နိုင်ငံဟာချမ်းသာလေလေ ပြည်သူတွေအ၀ လွန်လေလေ ပဲ ဖြစ်ပါတယ်။
အဲဒီလို နိုင်ငံတစ်နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု နှုန်းထားနဲ့ အ၀လွန်ခြင်းတို့ဟာ ဆက်စပ်နေသလိုပဲ ပညာရေးဟာလည်း ပါဝင်ပတ်သက်နေတယ်လို့ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပြန်ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာဆိုရင် အ၀လွန်ခြင်းဟာ ပညာရေး နိမ့်ပါးတဲ့ ပြည်သူတွေမှာပဲ အဖြစ်များတာကို တွေ့ရပြီး ဆင်းရဲ တဲ့နိုင်ငံတွေမှာတော့ အ၀လွန်ခြင်းဟာ ပညာရေး မြင့်မားတဲ့ ပြည်သူတွေဆီမှာပဲ အဖြစ်များတာကိုတွေ့ရပြန်ပါတယ်။
သုတေသီ တွေဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံပေါင်း ၇၀ ကနေ လူဦးရေ ၄၁၂၉၂၁ ယောက်ရဲ့ အချက်အလက် ဒေတာ အချို့ကို စုဆောင်းခဲ့ကြပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ဆင်းရဲမွဲတေမှု နှုန်းထားဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နဲ့ ပညာရေးအခြေအနေ ခြားနားမှုတွေကို တိုင်းတာဖို့ အတွက် အသုံးပြုခဲ့ပါတယ်။
အချက်အလက်တွေအရတော့ နိုင်ငံ ရဲ့ ၀င်ငွေမြင့်တဲ့ နိုင်ငံတွေမှာ ပညာရေး နိမ့်ပါးတဲ့ သူတွေဟာ အ၀လွန်တဲ့ အနေအထားမှာ အဖြစ်များနေတာကိုတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုအခြေအနေတွေဟာ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာ ပိုပြီး သက်ရောက်မှု ရှိနေတာကိုလည်း သုတေသီ အဖွဲ့က တွေ့ခဲ့ကြပြန်ပါတယ်။
ဒီလို ဆက်စပ်နေရခြင်းရဲ့ အကြောင်းအရင်း အတိအကျကိုတော့ သုတေသီတွေက ရှာဖွေသိရှိခဲ့ခြင်းမရှိသလို နိုင်ငံတစ်နိုင်ငံရဲ့ ၀င်ငွေ နဲ့ ပညာရေးဟာ အ၀လွန်ခြင်း နဲ့ အပြန်အလှန်သက်ရောက်မှု ရှိနေသလားဆိုတာကိုလည်း ပြောနိုင်စွမ်းမရှိခဲ့ပါဘူး။ သူတို့ဟာ ဆက်စပ်နေမှု အချိုးကိုသာ သိရှိခဲ့ကြတာဖြစ်ပါတယ်။
ထို လေ့လာမှုကိုတော့ Epidemiology and Community Health ဆိုတဲ့ ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
Mario - သစ်ထူးလွင်
Ref : Upi

မှတ်ချက်များ