သေဆုံးသွားသူတွေကို ၃ နှစ် ၁ ခါ ပြန်လည်တူးဖော် ရေချိုးသန့်စင်ပေးတဲ့ အင်ဒိုနီးရှားက လူ့အသိုင်းအ၀ိုင်းတစ်ခု




လူအများစုက လူသေတွေကိုတွေ့ရင် ကြောက်လန့်တတ်ကြပေမယ့် အင်ဒိုနီးရှားနိုင်ငံက လူ့အသိုင်းအ၀ိုင်းတစ်ခုကတော့ သေသွားတဲ့ သူတို့ချစ်တဲ့သူတွေကို လေးစားမှုထားတဲ့အနေနဲ့ ပြန်လည်တူးဖော်ကာ ရေချိုးသန့်စင်ပြီး အ၀တ်အစားသစ်လဲပေးတဲ့ဓလေ့တစ်ခု ရှိပါတယ်။

ဆူလာဝီစီတောင်ပိုင်း တိုရာဂျာအရပ်က မိသားစုဝင်တွေဟာ သေဆုံးသွားသူတွေရဲ့ ၀ိညာဉ်ကို ဇာတိကျေးရွာဆီ ပြန်လည်ခေါ်ဆောင်ပြီး ကြိုဆိုကြတဲ့ ထုံးစံတစ်ခုရှိပါတယ်။

အဲဒီဓလေ့အရ အဲဒီအရပ်က လူတွေဟာ သူတို့ချစ်တဲ့လူတွေရဲ့ အုတ်ဂူ၊ မြေပုံတွေကို ပြန်လည်တူးဖော်ပြီး ရေချိုး၊ ခေါင်းဖြီး၊ အ၀တ်အစားအသစ်တွေ ၀တ်ပေးကာ ရွာတစ်ပတ်လမ်းလျှောက်ခေါ်သွားတဲ့ ထုံးတမ်းကို ၃ နှစ် ၁ ခါ ပြုလုပ်ကြသလို ပျက်စီးနေတဲ့ အခေါင်းတွေကိုလည်း ပြန်လည်ပြင်ဆင်ပေးကြပါတယ်။

အဲဒီထုံးစံကို သူတို့အရပ်မှာတော့ အလောင်းသန့်စင်ပွဲလို့ ခေါ်ကြပြီး မိဘဘိုးဘွားတွေရဲ့ဝိညာဉ်တွေကို အလေးထားတဲ့အနေနဲ့ လုပ်ကြတာလို့ သိရပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်တွေကနေအစ သက်ကြီးရွယ်အိုတွေအထိ အားလုံးရဲ့အလောင်းတွေကို ရေချိုးသန့်စင်ပြီး ရွာတစ်ပတ်ပတ်ကာ ပြန်လည်မြှုပ်နှံကြပြီး အဲဒီအလောင်းသန့်စင်ပွဲကို အဆုံးသတ်ကြပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

မှတ်ချက်များ