ဗဟန်းရှိအိမ်တစ်အိမ်တွင် ကလေးငယ်ကို နှိပ်စက်နေသောပုံများ ဖေ့စ်ဘွတ်ခ်၌ ပျံ့နှံ့ပြီးနောက် ရဲတပ်ဖွဲ့ သွားရောက်စစ်ဆေး


ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ပျံ့နှံ့နေသော ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် တက္ကသိုလ်ရိပ် သာလမ်းရှိ နေအိမ်တစ်အိမ်၌ (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးကို ကိုယ်လုံးတီးဖြင့် ကြိုးတုပ်ရိုက် နှက်နေသည့်ပုံကို တွေ့ရှိပြီး နောက် ရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှု တားဆီးရေးအဖွဲ့တို့က သွား ရောက်စစ်ဆေးခဲ့သည်။

ထိုသို့ သွားရောက်စစ်ဆေး သောအခါ ကလေးငယ်မှာ မရှိတော့ပေ။ ကလေးငယ်ကို နှိပ်စက်သူမှာ ကလေးငယ်၏ အဒေါ်ဖြစ်သူ အိမ်အကူ ဒေါ်သန်းနွဲ့ဖြစ်ပြီး ၎င်းသည် ယနေ့ နေ့လယ်ကပင် ကလေးငယ်ကို ခေါ်ဆောင်၍ နေအိမ်မှ ထွက်သွားပြီဖြစ်ကြောင်း အဆိုပါအိမ်မှ အိမ်ပိုင်ရှင် ဒေါ်ယဉ်ယဉ်နွယ်က ပြောသည်။

ကလေးငယ်ကို ကြိုးတုပ် ရိုက်နှက်သူ ဒေါ်သန်းနွဲ့သည် အဆိုပါနေအိမ်တွင် အိမ်အကူလုပ်ကိုင်နေသည်မှာ သုံးနှစ်ကျော်ရှိ ပြီး နေထိုင်သည့် လိပ်စာကိုမူ မသိရှိကြောင်း ဒေါ်ယဉ်ယဉ်နွယ်က ဆိုသည်။

‘‘သူက ကလေးငယ်ကို ရိုက် တတ်ပါတယ်။ ကျွန်မကလည်း ကလေးမွေးထားတာ ရက်ပိုင်းပဲရှိ တော့ သူ့တူမကို သူဆုံးမဖို့ပြော ထားပါတယ်။ မနက်က ကလေး ကို ကြိုးတုပ်ရိုက်နေတော့ ဘေးခြံ က လူတစ်ယောက်နဲ့တောင် ရန် ဖြစ်သံတွေကြားနေရသေးတယ်။ သူကလည်း ပြန်ဆဲတဲ့အသံကြား တယ်။ နောက်တော့ ကိုယ့်တူမ ကိုယ်ဆုံးမတာတောင် ရဲတိုင်ခံရဦးမယ်ပြောပြီး ပိုက်ဆံတောင်း ပြီး ထွက်သွားတာပါ။ အဝတ်အစားတွေတော့ မယူသွားပါဘူး’’ဟု ၎င်းကဆိုသည်။

ကြိုးတုပ်ရိုက်နှက်ခံရခြင်း မှာ ထမင်းခိုးစားပြီးနောက် တွေ့သည့်ရေဘူးကို သောက်၍ဖြစ်ပြီး ကလေးက ထပ်မရိုက်ဘဲ ကြိုးဖြင့်တုပ်ရန် ပြောသောကြောင့် အဒေါ်ဖြစ်သူက ယခုကဲ့သို့ လုပ်ရခြင်းဖြစ်ကြောင်း အိမ်ရှင် ဒေါ်ယဉ်ယဉ်နွယ်က ဆက်လက်ပြော သည်။

‘‘မနေ့ကလည်း အိမ်သာ တံခါးပိတ်ပြီး ဝင်ပုန်းနေလို့ အိမ် က တစ်ယောက်က အိမ်သာအ ပေါ်ပေါက်ကဝင်ပြီး အပြင်ကို ထုတ်လာရတယ်။ သူ့အဒေါ်က လည်း ဝါးခြမ်းပြားနဲ့ ခြေတွေ၊ လက်တွေကို ရိုက်တာတော့ တွေ့ တယ်။ ဒီနေ့တော့ ကလေးကို ရိုက်ရင် ငိုပြီး မြေပေါ်မှာ လှိမ့်ရင် အဝတ်တွေ ညစ်ပတ်မှာစိုးလို့ဆိုပြီး အဝတ်အစားတွေ ချွတ်ပြီးမှ ရိုက်တယ်လို့ ပြောတယ်’’ဟု ဒေါ်ယဉ်ယဉ်နွယ်က ပြောသည်။

အိမ်ရှင်က ဒေါ်သန်းနွဲ့သည် တူမဖြစ်သူကို စကားနားမထောင် သဖြင့် ရိုက်နှက်ခြင်းဖြစ်၍ မတား မြစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု ဆိုသည်။

အဆိုပါ မိန်းကလေးငယ်ကို ရိုက်နှက်ညှဉ်းပန်းနေသည်ကို အမြင်မတော်သဖြင့် တားမြစ်ခဲ့သော်လည်း မချေမငံပြောဆိုကာ နှိပ်စက်မြဲနှိပ်စက်နေသဖြင့် အိမ်နီးချင်းဖြစ်သူက ဓာတ်ပုံနှင့်တကွ ဖေ့စ်ဘွတ်ခ်တွင် တင်ခဲ့ခြင်းဖြစ် သည်ဟု ဆိုထားသည်။

နှိပ်စက်ရာတွင် တစ်ကိုယ် လုံးကို အင်္ကျီများချွတ်ကာ နေပူ ထဲ၌ ဒူးထောက်ကာ အချိန်အတော်ကြာ နေစေခြင်း၊ လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက်ခြင်း၊ ပါးစပ် တွင်းသို့ ဆားများလောင်းထည့် အပြစ်ပေးခြင်းတို့ လုပ်ဆောင် သည်ဟု မျက်မြင်တွေ့ရှိသည့် အိမ်နီးချင်းက ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

‘‘တောင်ငူမှာနေတုန်းက အသိတစ်ယောက်က သူ့ကို အိမ်အကူလုပ်ဖို့ ထည့်ပေးလိုက်တယ်။ အရင်ပန်းရန်လုပ်ဖူးတယ်ပဲ ပြောတယ်။ လစာထုတ်တော့လည်း သူ့ဘာသာသူ ဘဏ်ကနေ ငွေသွားလွှဲတယ်။ သူနေတဲ့ တောင်ငူ လိပ်စာတော့ မသိဘူးလို့ ပြော တယ်’’ဟု ဗဟန်းမြို့မရဲစခန်းမှ အမှုစစ်ရဲအရာရှိတစ်ဦးက ပြော သည်။

ကြိုးတုပ်ရိုက်ခံရသည့် အသက်(၈)နှစ်အရွယ် မစုဝေသည် လွန်ခဲ့သည့်နှစ်လခန့်မှ နေအိမ်တွင် အလုပ်လုပ်ရန် တောင်ငူမြို့မှ ခေါ်ဆောင်လာခြင်းဖြစ်ပြီး ကလေးငယ်ကို မကြာခဏ ရိုက်နှက်သည့်အတွက် ရပ်ကွက်အ တွင်းမှ တိုင်ကြားမှုများရှိကြောင်း ဆရာစံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

‘‘ကျွန်တော်တို့ဆီကိုလည်း ဧည့်စာရင်းတိုင်တာတွေလည်း မရှိပါဘူး။ အခုတောင် ကလေး တစ်ယောက်ကို ဒီလိုလုပ်တယ် ကြားတော့ ရဲစခန်းက လာခေါ်လို့ လိုက်လာတာပါ။ ကလေးကို နှိပ် စက်လို့ဆိုပြီး ဖုန်းဆက်တိုင်တာ တွေရှိတယ်ဆိုတာတော့ ကြားမိ ပါတယ်’’ဟု ဆရာစံရပ်ကွက်အုပ် ချုပ်ရေးမှူး ဦးတင်မောင်အေးက ပြောသည်။

ကလေးငယ်ကို ကြိုးတုပ် ရိုက်နှက်သည့်ပုံများ အွန်လိုင်းသတင်းပေါ်သို့ တက်ရောက်လာသည့်အတွက် လူကုန်ကူးတားဆီး နှိမ်နင်းရေးတပ်ဖွဲ့ (ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စု) ရန်ကုန်မှ ရဲအရာရှိသုံးဦးသွားရောက်စစ်ဆေး မေးမြန်းခဲ့ကြောင်း အဆိုပါအဖွဲ့မှ ရဲမှူး အမ်ခေါင်ဒင်က ပြောသည်။

‘‘လက်ရှိအနေအထားက တော့ ကလေးနဲ့ သူ့အဒေါ်ဆိုတာ က အိမ်မှာမရှိတော့ အိမ်ရှင်ကိုပဲ သိသလောက်မေးရတယ်။ အခု လောလောဆယ်ကတော့ ကလေးပါခေါ်သွားပြီး လိပ်စာမသိတော့ ဘယ်လိုဆက်လိုက်ရမလဲ ဆိုတာ မသိသေးဘူး။ တောင်ငူ လိပ်စာသိမှ ကလေးက မိဘတွေဆီ ရောက်၊ မရောက် သိရမှာပါ။ အိမ်ရှင်ကိုလည်း လိပ်စာစုံစမ်းပေးဖို့ ပြောထားပါတယ်’’ဟု ရဲမှူး အမ်ခေါင်ဒင်က ပြောသည်။

အိမ်ရှင် ဒေါ်ယဉ်ယဉ်နွယ် သည် မီးဖွားထားသည်မှာ လေး ရက်ခန့်သာရှိသေးပြီး ၎င်း၏ ခင် ပွန်းမှာ အမျိုးသားလွှတ်တော်တွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ် မှူး ကျော်နုမော်ဖြစ်ကြောင်း သတင်းရရှိသည်။

7day daily

မှတ်ချက်များ