မော်လမြိုင်မြို့တွင် အသက် သုံနှစ်နှင့် ရှစ်လသာ ရှိသေးသည့် မိန်းကလေးငယ်ကို အသက် ၇၀ အရွယ် အမျိုးသားကြီး တစ်ဦးက အဓမ္မ ပြုကျင့်ခဲ့သည်ဟုဆိုကာ တရားစွဲဆိုထားမှုတွင် အဆိုပါ အမျိုးသားအား ဆေးထောက်ခံစာဖြင့် အာမခံပေးထားပြီး ၁၅ ကြိမ်မြောက် ရုံးချိန်းအထိ စွဲချက် မတင်နိုင်သေးကြောင်း မိန်းကလေးငယ်၏ အုပ်ထိန်းသူများက ပြောကြားသည်။
အဆိုပါ မိန်းကလေးငယ်၏ အဒေါ်ဖြစ်သူ ဒေါ်မြစန်း၏ ပြောကြားချက်အရ ဖြစ်စဉ်မှာ မိန်းကလေးငယ်၏ မိဘနှစ်ဦးသည့် မြ၀တီမြို့နယ် ဖလူးရွာတွင် အလုပ်သွားလုပ်ရန် သမီးဖြစ်သူကို ၂၀၁၅ ခုနှစ် ဆန်းပိုင်းတွင် အဖွားဖြစ်သူထံ အပ်နှံထားခဲ့ကြောင်း၊ အဖွားဖြစ်သူနှင့် စွပ်စွဲခံရသူ ဦးမျိုးမြင့်တို့သည် အိမ်နီးချင်းဖြစ်ပြီး အဖွားဖြစ်သူ ပဲပြုတ်ရောင်းထွက်စဉ် ယခု တရားစွဲခံထားရသူ ဦးမျိုးမြင့်ထံတွင် အပ်နှံထားခြင်း၊ မကြာခဏ အလည်သွားခြင်းများ ရှိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် သင်္ကြန် မတိုင်မီတွင် အခင်းဖြစ်ပွားခဲ့ကြောင်း၊ မိန်းကလေးငယ်အား မိခင်ဖြစ်သူက အလုပ်လုပ်သည့် ဖလူးရွာသို့ ခေါ်ဆောင်သွားပြီးနောက်တွင် ကလေး၏ ပြောကြားချက်အရ မိခင်က သိရှိခဲ့ရကြောင်း၊ ထို့ကြောင့် ကလေးငယ်၏ အဘိုးဖြစ်သူအား ပြောကြားရာမှ မိခင်နှင့် ကလေးစောင့်ရှောက်ရေးရုံးသို့ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ဦးမျိုးမြင့်သည် ဒုတိယ ဇနီးသည်နှင့် ဈေးကြိုရပ်ကွက် မော်လမြိုင်တွင် နေထိုင်ကြောင်း သိရသည်။
ယခု ဖြစ်စဉ်အား လိုက်လံကူညီပေးနေသည့် မွန်ပြည်နယ်လုံးဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ စွမ်းရည်မြင့်တင်ရေး ရှေ့ဆောင်အသင်း (MWCUC) မှ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဦးဝင်းစိုးက ပြောကြားရာတွင် စုံစမ်းတွေ့ရှိမှုများအရ မုပွန်ရဲစခန်းသို့ ဆက်လက်တိုင်ကြားခဲ့ကြောင်း၊ မော်လမြိုင် JUSTIC CENTER သို့ အကူညီတောင်းပြီး တရားရုံးသို့ ဆက်လက်တင်ပြရာ မော်လမြိုင်မြို့နယ် တရားရုံးမှ ပြစ်မှုကြီးအမှတ် - ၃၁၄၇၊ ပြစ်မှုပုဒ်မ- ၃၇၆/၅၁၁ ဖြင့် လက်ခံစစ်ဆေး ကြားနားခဲ့ကြောင်း၊ အမှုစစ်ဆေးနေစဉ် ဇူလိုင် ၂၉ ရက်တွင် စွပ်စွဲခံရသူ ဦးမျိုးမြင့်အား တရားရုံးမှ အာမခံပေးလိုက်သည်ဟု သိရသည်။
မိန်းကလေးငယ်၏ အဖိုးဖြစ်သူ ဦးငွေဘော်က “သူက RTC မှာ ဆီဘောက်ဆာမောင်းပြီး ရထားတဲ့ငွေနဲ့ သုဝဏ္ဏနဲ့ စမ်းကြီး (၂) ရပ်ကွက်မှာ ငွေတိုးချပါတယ်။ ၁၀ သိန်းအောက်ဆို အတိုးနှစ်ဆယ်၊ ဆယ်သိန်းအထက်ဆို အတိုး ဆယ့်ငါးကျပ်နဲ့ ချေးစားပါတယ်၊ အိမ်ချင်းနီးနေတယ်ဆိုတော့ ဆိုင်ကယ်စီးတာတို့၊ အိမ်မှာ ကျွဲကော်ပင်ပြုပြင်တာတို့၊ လမ်းလျှောက်တာတို့ တွေ့နေရတော့ မကျန်းမာဘူးဆိုပြီး အာမခံ ပေးလိုက်တာကို ဘယ်လိုလည်းလို့ စိတ်ထဲမှာ သံသယ ဖြစ်မိပါတယ်” ဟု ပြောပါသည်။
အဆိုပါ အမှုကို စစ်ဆေးနေသည်မှာ ဒီဇင်ဘာ ၃ ရက်အထိ ရုံးချိန်း ၁၅ ချိန်းရှိပြီဖြစ်ပြီး ယခုအချိန်ထိ စွဲချက်တင်နိုင်ခြင်း မရှိသေးကြောင်းလည် ဦးငွေဘော်က ပြောကြားပြီး အမှုကို အမြန်ဆုံးနှင့် အမှန်ဆုံး စစ်ဆေးပေးစေချင်ကြောင်း ပြောကြားသည်။
Credit: Eleven Media

မှတ်ချက်များ