အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေးနေ့ အခမ်းအနား ရန်ကုန်မှာ ကျင်းပ
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ဖိနှိပ်မှုတွေရှိနေဆဲဖြစ်တယ်လို့ Equality Myanmar အဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း က ပြောပါတယ်။
"ကမ္ဘာကအသိအမှတ်ပြုထားတဲ့ လူ့အခွင့်အရေးတောင်မှ ခွင့်ပြုချက်အရ လုပ်ဆောင်နေရတယ်ဆိုတာ ကျနော်တို့တိုင်းပြည်ရဲ့ လွတ်လပ်မှုအပိုင်းကို ပြချင်ပါတယ်၊ ဥပဒေတွေရှိနေပါတယ်၊ ဥပဒေတွေဆိုတာ ကျနော်တို့ကို အလုပ်အောင်မြင်အောင် ကာကွယ်ပေးမယ့်အစား ချုပ်နှောင်မှုပြဌာန်းထားသော၊ ဖိနှိပ်သောဥပဒေသော ဥပဒေတွေရှိနေတယ်၊ နိုင်ငံရေးအကျဉ်းသားရှိခြင်းကိုယ်တိုင်က တိုင်းပြည်မှာ ဖိနှိပ်မှုတွေရှိနေတယ်၊ တိုင်းပြည်မှာ ကျနော်တို့ ချုပ်နှောင်မှုတွေရှိနေတယ်၊ လူတိုင်းက ဘယ်အချိန်မှာ ငါ့ကိုဘယ်လိုမျိုးမတရားတဲ့ဥပဒေနဲ့ ဖမ်းဆီးခံရမယ်ဆိုတဲ့ စိုးရိမ်စိတ်ရှိနေခြင်းက ကျနော်တို့တိုင်းပြည်မှာ လူ့အခွင့်အရေးကို ပြည့်ပြည့်ဝဝခံစားမှု မရှိဘူးဆိုတာ ဖော်ပြနေတယ်"
အလားတူ လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ HRDP အဖွဲ့ခေါင်းဆောင် ဦးမြင့်အေးကလည်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ဦးသိန်းစိန် အစိုးရအနေနဲ့ ထိထိရောက်ရောက် မဟန့်တားနိုင်ခဲ့ဘူးလို့ RFA ကို ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး အခမ်းနားကို အရင်က ကြည့်မြင်တိုင်မြို့နယ် ရှင်မိက္ခေလ ခရစ်ယာန် ဘုရားကျောင်းမှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ခွင့်မပြုတာကြောင့် HRDP ရုံးခန်းကို ပြောင်းရွှေ့ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။
ဒီကနေ့ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်၊ အီးယူ သံအမတ်ကြီးနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese

မှတ်ချက်များ