၂၀၁၅ ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အပြီးတွင် တောင်ပြိုကမ်းပြို အနိုင်ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံတွင် သက်တမ်းအရင့်ဆုံး အင်စတီကျူးရှင်း တစ်ခုဖြစ်သည့် တပ်မတော်တို့ကြား ဆက်ဆံရေး အဆင်ပြေနိုင်ပါမည်လား ဆိုသည်ကို ပြည်တွင်းပြည်ပမှ စောင့်ကြည့်နေကြသည်။ သို့သော် ၀ါရှင်တန်ပို့စ် သတင်းစာသည် ဒေါ်အောင်ဆန်းစုကြည်နှင့်ရော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ရော အင်တာဗျူးများ ပြုလုပ်ခဲ့ရာ အနိုင်ရပါတီနှင့် တပ်မတော်ကြားတွင် သံသယများ မရှိဘဲ နိုင်ငံရေး အလှည့်အပြောင်း တစ်ရပ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်မည့် အလားသဏ္ဍှာန်များ တွေ့လိုက်ရပြီဖြစ်သည်။
အထွေထွေ ရွေးကောက်ပွဲတွင် အခြားပါတီများ၏ အကူအညီမပါဘဲ အစိုးရဖွဲ့နိုင်လောက်သည်ထက် ပိုမိုသော အောင်မြင်မှုရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဆန့်ကျင်ဖက် အင်အားစုများနှင့် ပြောင်မြောက်သည့် နိုင်ငံရေး မဟာဗျူဟာ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ နိုဝင်ဘာ ၂၀ရက် ၀ါရှင်တန်ပို့စ် သတင်းစာနှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က “တစ်ချိန်ချိန်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ရမယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ဒါပေမဲ့ နောက်နှစ်လကြာရင် ပြင်ရမယ်လို့ ကျွန်မမပြောဘူး။ သင့်တော်တဲ့ ကာလအပိုင်းအခြား တစ်ခုမှာတော့ ဒါဟာ ပြင်သင့်တယ်”ဟု ပြောကြားခဲ့သည်။
ထိုပြောကြားချက်သည် ၁၉၉၀ခုနှစ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရခဲ့ပြီး တပ်မတော်က စိုးရိမ်ပူပန်မှု ဖြစ်ခဲ့သည့် အခြေအနေ ပြန်မရောက်စေရန် အာမခံလိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် မရှေးမနှောင်းပင် ၀ါရှင်တန်ပို့စ် သတင်းစာသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်။ ထိုမေးမြန်းမှုတွင် ပြည်သူအားလုံး သိလိုနေသော မေးခွန်းတစ်ခုဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် အဟန့်အတား ဖြစ်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ၅၉(စ)ကို ပြင်ဆင်ရန် ဆန္ဒရှိ၊ မရှိ မေးမြန်းခဲ့ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က “ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ရန် လွှတ်တော် လုပ်ငန်းစဉ်အတိုင်း သွားရမှာဖြစ်တယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကတော့ ဒီမိုကရေစီ ရင့်ကျက်တဲ့အချိန်၊ တိုင်းပြည် တည်ငြိမ်တဲ့ အချိန်ကို စောင့်ရမယ်”ဟု ဖြေခဲ့သည်။
တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပုဒ်မ၄၃၆နှင့် ပုဒ်မ ၅၉(စ) အပေါ်တွင်ထားသော သဘောနှစ်ရပ်မှာ ကွဲပြားနေသည်ကို ဤဖြေကြားချက်တွင် တွေ့လိုက်ရသည်။ လွှတ်တော်တွင် တပ်မတော်သား ၂၅ရာခိုင်နှုန်း ပါဝင်ရန် အာမခံထားသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရန်မှာ တပ်မတော် အနေဖြင့် နိုင်ငံရေး အခန်းကဏ္ဍတွင် ပါဝင်မှု၊ မပါဝင်မှုကိုလည်း အဆုံးအဖြတ်ပေးသည့် ပုဒ်မဖြစ်သဖြင့် အရေးကြီးသည်ဟု တပ်မတော်က ခံယူထားပုံရသည်။ သို့သော် ၅၉(စ)ကို ပြင်ဆင်လိုပါက လွှတ်တော်လုပ်ငန်းစဉ် အတိုင်းသာ သွားရမည်ဟု ပြောလိုက်ခြင်းသည် တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ကသာ သဘောတူပါက ပြင်ဆင်နိုင်သည့် အခြေအနေကို လှစ်ဟပြလိုက်ခြင်းဖြစ်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ပြောကြားချက်အရဆိုလျှင် မကြာမီ ပေါ်ပေါက်လာမည့် လွှတ်တော်သစ်နှင့် အစိုးရသစ်အား ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် တပ်မတော်က လက်တွဲသွားနိုင်မည့် အခြေအနေ တစ်ရပ်ကို ဖော်ညွှန်းခြင်းဟု ယူဆစရာရှိသည်။ အထူးသဖြင့် တပ်မတော် အကြီးအကဲ၏ သဘောထားထဲတွင် ၅၉(စ)ကို ပြင်ဆင်ရန် ဆန္ဒရှိလျှင် အမျိုးသား ရင်ကြားစေ့လုပ်ငန်းများ ပိုမိုမြန်ဆန်သွက်လက် သွားပေလိမ့်မည်။ လာမည့် ဒီဇင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံမည်ဖြစ်ရာ နှစ်ဦးနှစ်ဖက် အပေးအယူ အလျော့အတင်းဖြင့် တိုင်းပြည် တိုးတက်အောင် အတူလက်တွဲ လုပ်ဆောင်နိုင်မည့် အသွင်သဏ္ဍာန် တစ်ရပ်ကို မြင်တွေ့ရဖွယ်ရှိသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် နာယကဖြစ်သူ သူရဦးရွှေမန်းနှင့်ရော လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုနှင့်ရော ပုဂိ္ဂုလ်ရေးအရ ရင်းနှီးပြီး နှစ်ဦးလုံးနှင့်လည်း တွေ့ဆုံခဲ့ပြီးဖြစ်ရာ သူမ၏ အစိုးရ သက်တမ်းကာလတွင် ထိုသူနှစ်ဦး၏ အင်အားကို ရယူသွားဖွယ်ရှိသည်။ ဥပဒေပညာ ဒီပလိုမာဘွဲ့ ရရှိထားသော တပ်မတော်တွင် နံပါတ်သုံး နေရာအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသော၊ တပ်မတော်အကြောင်း ကကြီးမှအအထိ သိနေသော၊ ပထမဆုံး ဒီမိုကရေစီ လွှတ်တော်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော သူရဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးဥက္ကဋ္ဌ ခန့်အပ်နိုင်သလို သူမနှင့် သုံးနှစ်ကျော်ကြာ လွှတ်တော်တွင် ဘေးချင်းယှဉ်ထိုင်ခဲ့သော၊ ရိုးဖြောင့်သည့် စစ်သားကြီးဖြစ်သော၊ အရှုံးကိုလည်း ပကတိ အရှိတရားအဖြစ် ကျေကျေနပ်နပ် လက်ခံနိုင်သော၊ အသက်အရွယ် ၆၇နှစ် ရင့်ကျက်နေပြီဖြစ်သော သူရဦးအောင်ကိုကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဖြစ်စေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌဖြစ်စေ ခန့်အပ်နိုင်ပေသည်။ တိုက်ဆိုင်မှု တစ်ခုမှာ ထိုသူနှစ်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် (၁၁)ဆင်းများဖြစ်ပြီး နှစ်ယောက်လုံး ရဲစွမ်းသတ္တိအရာတွင် သူရဘွဲ့ ရရှိထားခြင်းပင်ဖြစ်သည်။

သူရဦးရွှေမန်းသည် ပဲခူးတိုင်း ကညွတ်ကွင်း ဇာတိဖြစ်ပြီး စစ်တက္ကသိုလ် အပတ်စဉ် ၁၁တွင် ဗိုလ်လောင်းအမှတ် ၆၇၂ဖြင့် တက်ရောက်သင်ကြားခဲ့ခြင်း ဖြစ်သည်။ စစ်တက္ကသိုလ်တွင် အနေအထိုင် အေးဆေးတည်ငြိမ်ပြီး တပ်မတော်(ကြည်း)ကိုသာ တစ်စိုက်မတ်မတ် ရွေးချယ်ခဲ့သည်။ အမှတ်(၅၇) ခြေလျင်တပ်ရင်းတွင် စတင်တာဝန်ယူခဲ့ပြီး ကရင်ပြည်နယ်တွင် ပြောင်မြောက်သော တိုက်ပွဲများကြောင့် သူရဘွဲ့ရရှိခဲ့သည်။ တပ်မ(၆၆)တွင် ဗျူဟာမှုး၊ တမခ (၁၁)တွင် တပ်မမှုး၊ နတခတွင် တိုင်းမှုးနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှုး၊ နယက အဖွဲ့ဝင်၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဖြစ်လာခဲ့သည်။
သူရဦးအောင်ကိုမှာလည်း စစ်တက္ကသိုလ် အပတ်စဉ် (၁၁)တွင် ဗိုလ်လောင်းအမှတ် ၇၀၂ဖြင့် တက်ရောက်ပညာသင်ကြားခဲ့ပြီး ခွန်အား သုံးတတ်လွန်းသောကြောင့် ဆင်ကြီးမိုမိုဟု အများက နာမည်ပြောင်ပေးခဲ့ကြသည်။ စစ်တိုက်ရာတွင် ပြောင်မြောက်သောသူ တစ်ဦးဖြစ်ပြီး ကရင်ပြည်နယ် မြ၀တီမြို့ကို ရန်သူများဝိုင်းဝန်း တိုက်ခိုက်စဉ် ဒဏ်ရာရနေသည့်ကြားမှ ရဲဘော်ကို ကုန်းပိုးစေပြီး ရှေ့တန်းတွင် လိုက်လံကွပ်ကဲကာ အောင်ပွဲရရှိခဲ့သည့် အတွက် သူရဘွဲ့ရရှိခဲ့သည်။ ယခင် အစိုးရအဖွဲ့တွင် သာသနာရေး ၀န်ကြီးဋ္ဌာနတွင် ဒုတိယ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့ပြင် တပ်မတော် အနေဖြင့် စစ်ရေး၊ လူမျိုးရေးအရ ယခုအထိ မငြိမ်းချမ်းသေးသော ပြည်နယ်အချို့တွင် ပြည်နယ်ဝန်ကြီးချုပ် နေရာအချို့ကို ရွေးကောက်ခံထားရသော တပ်မတော်သားဟောင်း လွှတ်တော် ကိုယ်စားလှယ်များထဲမှ ခန့်အပ်ပေးရန် အဆိုပြုလာနိုင်ခြင်းများလည်း ရှိသည်ဟု ကြားသိနေရသည်။ ရွေးကောက်ပွဲ အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်များ အားလုံးသည် သတိကြီးစွာထား၍ အမျိုးသား ရင်ကြားစေ့ရေးကိုသာ ဦးတည်ပြော ကြားနေသည်ကိုလည်း လေ့လာတွေ့ရှိရသည့် အတွက် တပ်မတော်၏ ဖခင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ သမီးနှင့် တပ်မတော်ကြားတွင် တိုင်းပြည် တိုးတက်စေမည့် စစ်မှန်သော ယုံကြည်မှုဖြင့် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးကို တည်ဆောက်နိုင်မည်ဟု လက်စောင်းထက် ယုံကြည်ပါသည်။
လက်စောင်းထက်၏ နိုင်ငံရေး စိတ်ကူးယဉ်ချက်အရ မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး အလှည့်အပြောင်း အချိန်အခါတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ဘေးတွင် ယှဉ်တွဲမြင်တွေ့လိုပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထားဝယ်တွင် မွေးဖွားပြီး ၁၉၇၃ခုနှစ် ရန်ကုန် ၀ိဇ္ဇာတက္ကသိုလ်တွင် ဥပဒေအဓိက ဘာသာတွဲဖြင့် တက်ရောက်ခဲ့သူ၊ အပေါင်းအသင်း နည်းပါးပြီး တစ်ဦးတည်း နေထိုင်တတ်သူ၊ ခြင်းလုံးကို ကျွမ်းကျင်စွာ ခတ်တတ်သူ၊ တည်ငြိမ်အေးဆေးပြီး အင်အား လေးသိန်းကျော်ရှိသော မြန်မာတပ်မတော်၏ အကြီးအကဲဖြစ်သူ၊ စစ်တက္ကသိုလ် အပတ်စဉ် (၁၉)၊ အနော်ရထာတပ်ခွဲ၊ တပ်စု(၁)မှ ဗိုလ်လောင်းအမှတ် ၁၅၆၉ ဖြင့် ကျောင်းဆင်းခဲ့သူဖြစ်သည်။

နိုင်ငံတွင် အရေးကြီး တာဝန်များ ထမ်းဆောင်ခဲ့ဖူးသော လက်ရှိ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ရိုးသားဖြောင့်မတ်သည့် စစ်သားကြီး သူရဦးအောင်ကိုသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဖြစ်စေ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဖြစ်စေ အနာဂတ်တွင် မြင်တွေ့ရပါက တိုင်းပြည်၏ အမျိုးသား ရင်ကြားစေ့ရေးသည် လည်းကောင်း၊ စာများ၊ မိန့်ခွန်းများတွင်သာ နားထောင်ရ၊ ဖတ်နေရသော ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာက လေးစားလောက်သည့် နိုင်ငံသစ် ပေါ်ထွန်းလာရေးသည်လည်း အချိန်တိုအတွင်း အမှန်ပင် ဖြစ်လာလိမ့်မည်ဟု ယူဆမိပါတော့သည်။
လက်စောင်းထက် - Tomorow Journal
လက်စောင်းထက် - Tomorow Journal

မှတ်ချက်များ