ကကတစ်ပဲလိပ်မှိုခြောက်


တစ်ခါတော့ အသားဟင်းတွေ မစားချင်သူတွေအတွက် ငါးအချိုဟင်းလေးချက်ကြည့်ရအောင် ဖော်ပြပေးလိုက်ပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်

၁။ ကကတစ်ငါးကို အကြေးထိုးမွှန်း၍ ရေစင်အောင် ဆေးကာစစ်ထားပါ။

၂။ ထို့နောက် ငါးကိုအရသာမှုန့်၊ နနွင်းမှုန့်၊ ဆားတို့ဖြင့် နယ်ကာ ပြောင်းဖူးမှုန့်နှင့်လူး၍ ဆီပူပူတွင် ရွှေဝါရောင် သန်းသည်အထိကြော်ပြီးစစ်ထားပါ။

၃။ ပဲလိပ်ခြောက်နှင့်မှိုမဲခြောက်ကို ရေနွေးဆူဆူတွင် ထည့်၍ ငါးမိနစ်ခန့် ပြုတ်ပေးပါ။ နူးလာလျှင်ဆယ်၍ ညှပ်ထားပါ။

၎။ ပန်းကန်လုံးတစ်ခုထဲတွင် ခရုဆီ၊ ပဲငံပြာရည်အပျစ်၊ နှမ်းဆီမွှေး၊ အရသာမှုန့်၊ ရေနွေးအနည်းငယ်၊ သကြားအနည်းငယ်၊ ဆားအနည်းငယ်တို့ကိုထည့်၍ သမ အောင်မွှေထားပါ။

၅။ ဒယ်အိုးတစ်လုံးထဲတွင် ဆီထည့်၍ ကြက်သွန်ဖြူနှင့်ချင်းကို ဓားပြားရိုက်ကာဆီသတ်ပါ။

၆။ အနံ့မွှေးလာလျှင် ပဲလိပ်၊ မှိုခြောက်နှင့် ရေနွေးအနည်းငယ်ထည့်၍ ကြော်ပေးပါ။

၇။ ပဲလိပ်နှင့်မှိုခြောက်နူးလျှင် ပန်းကန်လုံးထဲမှ ဆော့စ်အရည်လောင်း ထည့်ကာမွှေပေးပြီး ပွက်ပွက်ဆူလျှင် ငါးကြော်အပေါ်သို့လောင်းထည့်ပါ။ ထို့နောက် ငါးကြော်အပေါ်မှ တရုတ်နံနံအုပ်၍ သုံးဆောင်နိုင်ပါပြီ။

ပါဝင်ပစ္စည်း

ကကတစ်ငါးတစ်ကောင်

ပဲလိပ်နှစ်ချောင်း

မှိုမဲခြောက်ငါးခု

ပြောင်းဖူးမှုန့်အနည်းငယ်

ကြက်သွန်ဖြူသုံးမြွှာ

ချင်းလက်တစ်ဆစ်

ခရုဆီစားပွဲတင်ဇွန်း တစ်ဇွန်း

ပဲငံပြာရည်အပျစ်စားပွဲတင်ဇွန်း တစ်ဇွန်း

နှမ်းဆီမွှေးစားပွဲတင်ဇွန်း တစ်ဇွန်း

တရုတ်နံနံအနည်းငယ်

Ei’s Cooking Diary မှ ပံ့ပိုးကူညီပါသည်။

7day daily

မှတ်ချက်များ