ပျော်ရွှင်ပြီးပြည့်စုံတဲ့ စနေ တနင်္ဂနွေ နားရက်လေး ဖန်တီးချင်တယ်ဆိုရင်


အလုပ်တွေ မနားမနေလုပ်ပြီး အားလပ်ရက် စနေ၊ တနင်္ဂနွေဆိုတာကလည်း ဘယ်လိုကုန်သွားမှန်း မသိဘူးလို့ အမြဲညည်းမိကြတယ် မဟုတ်လား။ ရုံးတက်၊ ကုမ္ပဏီသွား တစ်ပတ်လုံး မနားရတာမို့ စနေ တနင်္ဂနွေကျတော့လည်း လူမှုရေးအလုပ်တွေ လုပ်ရ၊ အိမ်ကိစ္စတွေနဲ့ ရှုပ်ပြန်တာမို့ မနားရတာ မဆန်းပါဘူး။ ဒီတော့ ပြီးပြည့်စုံပြီး သင့်အတွက် ပျော်ရွှင်ဖွယ် စိတ်တွေလန်းဆန်းသွားမယ့် နားရက်လေးဖြစ်အောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။အစီအစဉ်ကို ကောက်ခါငင်ခါ ဆွဲတတ်ပါစေ။

ငါ အားလပ်ရက် ရက်ရှည်ကျရင် ဘာတွေလုပ်မယ်ဆိုတာမျိုး နှစ်လ၊ သုံးလလောက်အလိုကတည်းက ကြိုတင်စီစဉ်နေမယ့်အစား ကြာသပတေး၊ သောကြာလောက်ရောက်မှ ငါ ဒီ စနေ၊ တနင်္ဂနွေဘာလုပ်မယ်ဆိုတာမျိုး စဉ်းစားပြီး ချက်ချင်းကောက်လုပ်တာ ပိုကောင်းပါတယ်။ တစ်ခါတစ်လေ အဝေးကြီးစဉ်းစား စီစဉ်တာထက် ကောက်ခါငင်ခါ ထစီစဉ်လိုက်တဲ့အရာတွေက ပိုလို့တောင် ပြီးပြည့်စုံသွားတတ်တယ်ဆိုတာ မမေ့ပါနဲ့။

၂။အားလပ်ရက် စနေ တနင်္ဂနွေတွေအတွက် အသုံးစရိတ်ကို သီးခြားဖယ်ထားပါ။

ခရီးတစ်ခုသွားမယ်ဟေ့ဆိုရင် အပိုအသုံးစရိတ်တွေက သင့်ကို ဖိစီးမှုတွေ ပေးပါလိမ့်မယ်။ ဒီတော့ သင်အလုပ်ကနေ လစာရပြီဆိုတာနဲ့ သွားဖြစ်ဖြစ်၊ မသွားဖြစ်ဖြစ်၊ တစ်ခုခု လုပ်ဖြစ်ဖြစ် မလုပ်ဖြစ်ဖြစ် စနေ တနင်္ဂနွေအားလပ်ရက်တွေအတွက်တော့ အသုံးစရိတ်ကို ဖယ်ထားလိုက်တာ မမှားပါဘူး။

၃။အလုပ်အကြောင်း၊ ကျောင်းအကြောင်းတွေ အားလုံးကိုမေ့ပြီး သင့်စိတ်ထဲမှာရှိတာတွေကို လုပ်ဆောင်ပါ။

တစ်ခုခုဆို အလုပ်ကခေါင်းထဲရောက်နေတာမျိုး၊ အိမ်စာတွေ၊ စာတွေအကြောင်း ခေါင်းထဲရောက်နေတာမျိုးဆိုရင်တော့ သင့်စနေ တနင်္ဂနွေဟာ ဘယ်တော့မှ အနားရမှာ မဟုတ်ပါဘူး။ ဒီတော့ သင့်အတွက် အားလုံးကိုမေ့သွားစေတဲ့ အရာဟာ ဘယ်လိုအရာများလဲဆိုတာ တွေးကြည့်လိုက်ပါ။ ခရီးထွက်လိုက်တာမျိုးလား၊ ဒါမှမဟုတ် ကိုယ်ဝါသနာပါရာတစ်ခုခုကို ဈာန်ဝင်စားပြီး လုပ်ဆောင်တာမျိုးလား တစ်ခုခုပေါ့။ တာဝန် ၀တ္တရားတွေ အားလုံးကိုမေ့ထားလိုက်ပြီး သင့်စိတ်ကို လန်းဆန်းသွားစေမယ့်အရာတွေကိုသာ လုပ်ဆောင်ပစ်လိုက်ပါ။ သင်ခုလို လုပ်ဆောင်ခြင်းအတွက် သင့်ဦးနှောက်ကလည်း သင့်ကိုကျေးဇူးတင်ပါလိမ့်မယ်။ သူလည်း တစ်ဖန်လန်းဆန်းသွားစေမှာ သေချာနေလို့လေ။

၎။ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ ဝေးဝေးနေလိုက်ပါ။

သင့်အားလပ်ရက်မှာ ဖုန်းကို မသုံးသလောက်နီးပါး ထားလိုက်တာ ကောင်းပါတယ်။ ဒါမှလည်း သင်ရောက်နေတဲ့အရာက အလေးပေးသင့်တဲ့အရာတွေကို ပိုအလေးပေးနိုင်မှာပါ။ သင်စိတ်ရှိရာလုပ်ဆောင်နေတဲ့အရာတွေကို ပိုလုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒီအချိန်ဟာ သင့်အတွက် အနားယူအပန်းဖြေတဲ့ အချိန်မို့ အလုပ်ဖုန်းတွေ၊ အခြားလူမှုကိစ္စဖုန်းတွေနဲ့ ဝေးဝေးနေလိုက်တာ သင့်အတွက် ကောင်းပါတယ်။

၅။သင်နဲ့စိတ်ကူကိုယ်တူဖြစ်တဲ့သူတွေကို သင်နဲ့အတူ ခေါ်သွားပါ။

သင်တစ်နေရာရာကို သွားဖို့ စဉ်းစားထားတယ်ဆိုရင်တော့ ပျော်စရာခရီးတိုလေးကို ဖန်တီးနိုင်ဖို့ သင့်ချစ်သူနဲ့ နှစ်ယောက်တည်းဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း ဂဂျီဂဂျောင်မကျတဲ့ အမိုက်စားသူငယ်ချင်းတွေကို ခေါ်သွားလိုက်ပါ။ အပန်းဖြေတဲ့အခါ စိတ်တူကိုယ်တူသူငယ်ချင်းတွေကြောင့် သင်ပျော်ရွှင်မှုတွေ ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီခရီးလေးဟာ သင်တို့အားလုံးအတွက်လည်း အမှတ်တရကောင်းလေးတွေ ယူဆောင်လာပါလိမ့်မယ်။

၆။လက်ရှိအချိန်ကိုသာ တန်ဖိုးထားပါ။

သင်ဟာ ဒီအားလပ်ရက်လေးနှစ်ရက်ကို ပူပင်မှုတွေ၊ စိုးရိမ်မှုတွေနဲ့ ဖြတ်သန်းမယ်ဆိုရင် သင့်အတွက် ဘယ်တော့မှ အပန်းပြေတော့မှာ မဟုတ်ပါဘူး။ အလုပ်အတွက် စိတ်ပူတာ၊ ဟို့လူအတွက် စိုးရိမ်တာ၊ ဟိုလူ့ကို စိတ်မချတာ စတာတွေအားလုံးကို ဖယ်ထုတ်လိုက်ပြီး သင့်ရဲ့လက်ရှိ ပိုင်ဆိုင်ထားတဲ့ အချိန်ကိုသာ အကောင်းဆုံး ဖြတ်သန်းလိုက်ပါ။ ဒါဟာ အရေးအကြီးဆုံး အချက်တစ်ခုပါပဲ။

Trend Myanmar

မှတ်ချက်များ