ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ရုံတင်တော့မယ့် ရည်းစားဦးဆိုတဲ့ ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေပါတယ်ဆိုတဲ့ သဉ္ဖာနွယ်ဝင်းက လာမဲ့ ၁၂ ရက်နေ့မှာလဲ ဒါရိုက်တာဂျိုး၊ မင်းသား စိုင်းစိုင်းခမ်းလှိုင်တို့နဲ့အတူ အချစ်ဗီဒီယိုကားလေး တစ်ကားကို ရိုက်ဖို့ရှိတယ်ဆိုတာ ခုလို ပြောပြလာပါတယ်။
"၁၂ ရက်နေ့မှာ ကိုစိုင်း၊ ဒါရိုက်တာဂျိုးနဲ့အတူ ဗီဒီယိုကားလေးတစ်ကား ရိုက်ဖို့ရှိတယ်။ အချစ်ကားလေးပါပဲ။ ဒီကြားထဲမှာတော့ ကလင်ဒါတွေ၊ ကြော်ငြာလေးတွေ ရိုက်ဖြစ်နေပါတယ်။ ရည်းစားဦးဇာတ်ကားနဲ့ပတ်သက်ပြီးတော့ လဲ သဉ္ဖာကတော့ အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တဲ့ အတွက် အခုပရိသတ်ဆီကဝေဖန်သံလေးကို သဉ္ဖာကြားချင်တယ်။ အဲ့ဒါကြောင့် အဲ့ဒီကားလေးကို လာကြည့်စေချင်ပါတယ်။ အဲ့ဒီကားလေးက သဉ္ဖာအတွက် ပထမဆုံး ရုပ်ရှင်ကားကြီးလဲဖြစ်တယ်။
ပြီးတော့ သဉ္ဖာအနုပညာသက်တမ်းနုတဲ့ အချိန်တုန်းကရိုက်ခဲ့တဲ့ကားဖြစ်ပေမဲ့ သဉ္ဖာပါတဲ့ တစ်ခန်းချင်းစီကို အကောင်းဆုံးကြိုးစားသရုပ်ဆောင်ထားတယ်။ အခုပရက်ရှိုးမှာပြန်ကြည့်တော့လဲ ကိုယ့်ကိုကိုယ် သဉ္ဖာကျေနပ်တယ်။ သရုပ်ဆောင်အသစ်များတဲ့ ဇာတ်ကားဖြစ်ပေမဲ့ အားလုံးကကြိုးစားပြီး ရိုက်ခဲ့တဲ့ကားဖြစ်တဲ့အတွက်ပရိသတ်တွေကြိုက်ကြမှာပါ။ အဲ့ဒီကားရိုက်တုန်းက တွဲပြီးသရုပ်ဆောင်တဲ့သူတွေနဲ့တော့ အခက်အခဲမရှိဘူး။ ဒါပေမဲ့ ဘဲလေးအက ပါတဲ့အတွက် အဲ့ဒီအကကိုတော့ နည်းနည်းပြန်လေ့ကျင့်ရတာမျိုး ရှိတယ်။ အဲ့ဒါလေးပါပဲ။ သဉ္ဖာကို ချစ်တဲ့ပရိသတ်ကြီးလဲ အဲ့ဒီဇာတ်ကားလေးကိုလာကြည့်ပြီးဝေဖန်ပေးပါလို့ပြောချင်ပါတယ်"တဲ့။
တန်ဆောင်တိုင်ကိုလဲ မှတ်မှတ်ရရအနေနဲ့ မိသားစုနဲ့အတူ တောင်ကြီးမှာ ဖြတ်သန်းဖြစ်ခဲ့တာလေးကို "တောင်ကြီးမှာ ၆ ရက်လောက်ကြာခဲ့တယ်။ ငယ်ငယ်လေးတုန်းကတောင်ကြီးမှာနေတုန်းကတော့ တစ်ခါရောက်ဖူးတယ်။ အသက်ကြီးမှ သွားတာကတော့ ဒါဒုတိယအကြိမ်မြောက်ပေါ့။ ပျော်ဖို့လဲကောင်းတယ်။ အရင်ကနေ့ခင်းပွဲဈေးပဲ သွားခဲ့ဖူးတာ၊ အခုကညဖက်သွားတာဆိုတော့ အရမ်းပျော်ဖို့ကောင်းတယ်။ ဒေသအစားအစာတွေ စားပြီးပျော်ဖို့အရမ်းကောင်းပါတယ်"လို့ သူမက ဖွင့်ဟသွားပါတယ်။
၂၀၁၆ မှာပြောင်းလဲသွားတဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုတော့ "ကာရိုက်တာမိအောင် ပိုပြီးကြိုးစားမယ်။ ပရိသတ်ဆီကဝေဖန်သံကို နားထောင်မယ်။ အိုက်တင်ပိုင်းကို တိုးတက်အောင်ကြိုးစားသွားတာတွေရှိမယ်။ ဖက်ရှင်ပိုင်းပြောင်းလဲမှုအရဆိုရင် ကာရိုက်တာကြောင့်တော့ ပြောင်းမယ်။ ကိုယ့်ဟာကိုယ်ဆိုရင်တော့ သဉ္ဖာက ဒီအတိုင်းပဲနေတာဆိုတော့လေ။ ကာရိုက်တာအရ လုပ်ရမယ်ဆိုရင်တော့ ပြောင်းလဲမှာပါ"တဲ့။
ခင်ဆွေသက် - Trend Myanmar

မှတ်ချက်များ