အီဂျစ်တွင် ၄ နှစ်သား ကလေးတစ်ဦး လူမှားပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခံရ
၎ နှစ်သားအရွယ် ကလေးငယ် တစ်ဦးကို လူမှားပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ခြင်းက အီဂျစ်တရားစီရင်ရေး ကဏ္ဍကို လှောင်ပြောင်စရာများ ဖြစ်လာစေသည်။
အာမက်မန်ဆာ ကိုရာနီ ရှာရာရားသည် ၎င်းနှင့် အမည်တူသော အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးနှင့် မှားယွင်းပြီး ယခုလို စီရင်ချက် ချမှတ်ခံရခြင်း ဖြစ်သည်။ CNN သတင်းဌာန၏ အဆိုအရ တရားရုံးက လူပေါင်း ၁၁၆ ဦးကို စုပေါင်း စီရင်ချက် ချမှတ်သည့် အခြေအနေတွင် ယခုလို ချွတ်ယွင်းချက်မျိုး ဖြစ်ပေါ်ခဲ့ခြင်းဟု သိရသည်။
၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဆန္ဒပြပွဲ တစ်ခုတွင် လူ ၃ ဦးကို သတ်ဖြတ်ကာ ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးမှုအတွက် အဆိုပါ တရားခံ ၁၁၆ ဦးစလုံး ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။
ထို့နောက် အီဂျစ်၏ ရုပ်မြင်သံကြား အစီအစဉ် တစ်ခုတွင် ကလေးငယ်၏ ဖခင်က မိမိ၏သားမှာ အဆိုပါ တရားခံ စာရင်းတွင် မဆီမဆိုင် ပါဝင်နေပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခံရကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ ထိုဖြစ်ရပ်သည် ရယ်စရာ အခြေအနေ သက်သက်သာ ဖြစ်ခဲ့သော်လည်း အီဂျစ်တရားစီရင်ရေး အရည်အသွေးအပေါ် မေးခွန်းထုတ်မှုများ ပိုမို ပြင်းထန်လာသည်။
“ဒါဟာ တော်တော်လေး လက်မခံနိုင်စရာ အမှားတစ်ခုလို့ ထင်တယ်။ ဒီအတိုင်း ဆက်သွားနေရင် အီဂျစ် တရားစီရင်ရေးဟာ လုံးဝဥဿုံ သုံးမရဖြစ်သွားတော့မယ်”ဟု ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေး သုတေသီ တစ်ဦးဖြစ်သည့် ကာရင်မ် အန်နာရားက မှတ်ချက်ပြုခဲ့သည်။
အီဂျစ်တရားရေး အာဏာပိုင်များက မိမိတို့သည် ကလေးတစ်ဦးကို တရားခံအဖြစ် မှားယွင်းပြီး ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ထို့နောက်ပိုင်းတွင် မည်သို့မည်ပုံ ဆက်လက် ဆောင်ရွက်မည် ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။
7day daily

မှတ်ချက်များ