လူတစ်ယောက် လိမ်ပြောနေသည်ကို ပြသသည့် လက္ခဏာ ၁၁ ခု


လူတစ်ယောက် လိမ်ပြောနေသလားဆိုတာကို ကြည့်တတ်ရင် လွယ်လွယ်လေးပါ။ အမေရိကန် ပြည်ထောင်စု FBI မှာ အလုပ်လုပ်ခဲ့တဲ့ ဒေါက်တာ လီလီယန်ဂလတ်စ်က ‘လူတစ်ယောက် လိမ်ပြောနေသလား၊ အမှန် ပြောနေသလား ဆိုတာသိဖို့ အဲဒီလူ ပုံမှန် ဘယ်လိုပြုမူဆက်ဆံသလဲ ဆိုတာ သိဖို့ လိုပါတယ်’ လို့ ဆိုပါတယ်။

အောက်ပါ လက္ခဏာတွေကို တွေ့ရင် လူတစ်ယောက် လိမ်ပြောနေတယ်ဆိုတာ သေချာသလောက်ရှိနေပြီ။

၁။ လိမ်ပြောနေတဲ့သူဟာ ခေါင်းကို မြန်မြန် ရမ်းတတ်တယ်။

သင့်အနေနဲ့ တိုက်ရိုက်မေးခွန်းတစ်ခုကို မေးလိုက်တဲ့အခါ ပြန်ဖြေတဲ့လူက ခေါင်းရုတ်တရက် ရမ်းပြီး ဖြေတာမျိုး ဆိုရင် အဲဒီလူ သင့်ကို တစ်ခုခု လိမ်ပြောနေပါပြီ။

‘ခေါင်းက အနောက်ကို တွန့်သွားတာ၊ ငုံ့သွားတာ၊ ဘေးကို ရမ်းတာမျိုးကို ဆိုလိုတာပါ’ လို့ ဒေါက်တာ ဂလတ်စ်က သူ့ရဲ့ The Body Language of Liars ဆိုတဲ့ စာအုပ်မှာ ရေးသားထားပါတယ်။

၂။ သူတို့ရဲ့ အသက်ရှူနှုန်းပြောင်းသွားတယ်။

လူတစ်ယောက် ညာတော့မယ်ဆိုရင် သူတို့ အသက်ပြင်းပြင်းရှူလာမယ်။ ပုခုံးတွေ မြင့်လာပြီး အသံတွေ တိုးတိမ်သွားပါလိမ့်မယ်။

၃။ မတုန် မလှုပ်ရပ်နေတယ်။

လူတွေဟာ ကြောက်လာရင် ဂနာမငြိမ်ဖြစ်လာတတ်ပါတယ်။ ဒါပေမယ့် လုံးဝ မလှုပ်မရှား ရှိနေတဲ့ လူကိုလည်း သတိထားကြည့်ရမယ်လို့ ဒေါက်တာဂလတ်စ်က ဆိုပါတယ်။

၎။ စကားလုံးတွေ၊ စကားစုတွေကို ထပ်ခါတလဲလဲ ပြောတယ်။

လူတွေဟာ သင့်ကို ယုံလာစေဖို့အတွက် ဒီလို ထပ်ခါတလဲလဲ ပြောနေတာ ဖြစ်ပါတယ်။ လိမ်နေတဲ့သူဟာ သူတို့စိတ်ထဲမှာ သူတို့လိမ်နေတဲ့ အကြောင်းအရာကို အတည်ပြုချင်တာလဲ ပါပါတယ်။ ‘မဟုတ်ဘူး…မဟုတ်ဘူး…’ လို့ ထပ်ခါတလဲလဲ ပြောပါလိမ့်မယ်။ ဒီလို အကြိမ်ကြိမ်အခါခါ ပြောတာဟာ သူတို့ စိတ်ထဲမှာ စဉ်းစားနေတာတွေ အတွက် အချိန်ယူတာလည်း ဖြစ်ပါတယ်။

၅။ ပါးစပ်ကို ထိတာ၊ ကာထားတာမျိုး လုပ်တတ်တယ်။

လူကြီးတစ်ယောက် သူ့လက်နဲ့ နှုတ်ခမ်းကို ထိထားတယ်ဆိုရင် သူတို့ အားလုံး မပြောပြဘူး။ ဒါမှမဟုတ် အမှန် မပြောချင်ဘူးဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။

၆။ သူတို့ အန္တရာယ်ရှိတယ်လို့ ထင်တဲ့ ခန္ဒာကိုယ်အစိတ်အပိုင်းကို ဖုံးထားတတ်တယ်။
ဒီအစိတ်အပိုင်းတွေမှာ လည်ပင်း၊ ရင်ဘတ်၊ ခေါင်းနဲ့ ဝမ်းဗိုက်တွေ ပါဝင်ပါတယ်။

၇။ ခြေထောက်တွေကို တရွရွရှပ်တယ်။

ခြေရှပ်တဲ့ အပြုအမူဟာ လိမ်ညာတော့မယ်လူရဲ့ စိတ်ထဲမှာ ကြောက်နေတယ် ဒါမှမဟုတ် သက်တောင့်သက်သာ မရှိဘူးဆိုတာကို ပြသနေပါတယ်။ ဒါ့အပြင် သူရောက်နေတဲ့ အခြေအနေထဲက ထွက်ပြေးချင်နေတယ် ဆိုတာကိုလည်း ဖော်ပြနေပါတယ်။

၈။ လွန်ရောကျွှံရော ပြောပြတယ်။

တစ်ယောက်ယောက် သင့်မမေးတာတွေနဲ့ အသေးစိပ်အချက်အလက်တွေကို အလွန်အကျွှံပြောပြနေရင် အဲဒီလူဟာ အမှန်မပြောဘူး ဆိုတဲ့ ဖြစ်နိုင်ခြေ အလွန်များပါတယ်။ လူလိမ်တွေဟာ သူတို့အားလုံးပြောပြရင် လူတွေ သူတို့ကို ယုံလိမ့်မယ်လို့ မျှော်လင့်တတ်ကြပါတယ်။

၉။ စကားပြောဖို့ ခက်ခဲလာတယ်။

‘အပြစ်ကျူးလွန်ထားတဲ့ သံသယတရားခံနဲ့ စကားပြောတဲ့အခါ သူ့ကို စကားပြောလာအောင် လုပ်ရတာ ပိုပို ခက်လာတတ်တယ်။ ဒီလို ဖြစ်ရတာ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ အာရုံကြောက စိတ်ဖိစီးနေတဲ့ အခါ သွားရည်ပို့တဲ့ နှုန်းကို လျှော့ချလိုက်လို့ပါ။’ လို့ ဒေါက်တာ ဂလတ်စ်က ဆိုပါတယ်။

၁၀။ လက်ညိုး ဟိုထိုးဒီထိုး လုပ်တတ်တယ်။

လူညာတစ်ယောက်ဟာ အန္တရာယ် ရှိတယ်လို့ ယူဆရင် ဒါမှမဟုတ် သူ့ကိုယ်သူ ကာကွယ်ချင်ရင် စကား လမ်းကြောင်းကို သူများဘက်ပြောင်းသွားအောင် လုပ်တတ်ကြတယ်။ သူက သူညာနေတာ သင်သိသွားမှာ စိုးတဲ့အတွက ဒါမှမဟုတ် သူညာနေတာ လူမိသွားတဲ့ အတွက် သူ့ကိုယ်သူ အန္တရာယ်ရှိတယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။

၁၁။ ခင်ဗျားကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတယ်။

လူတစ်ယောက် ခင်ဗျားကို ညာရင် ခင်ဗျားနဲ့ သူနဲ့ မျက်လုံးချင်းမဆုံအောင် ရှောင်တတ်ပါတယ်။ ဒါပေမယ့် မျက်တောင် မခတ်ဘဲ သာမာန်ထက်ပိုပြီး စိုက်ကြည့်နေတယ် ဆိုရင်လည်း သင့်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

မြန်မြန် မျက်တောင်ခတ်နေတယ် ဆိုရင်လည်း ညာနေတာ ဖြစ်နိုင်ပါတယ်။

ဒီလက္ခဏာတွေကို FBI မှာ အလုပ်မလုပ်ခင်အထိ မှန်တယ်လို့ မယုံကြည်ခဲ့ဘူးလို့ ဒေါက်တာဂလတ်စ်က ဆိုပါတယ်။ သူမ FBI မှာ အလုပ်လုပ်ပြီး ပြစ်မှုကျူးလွန်တဲ့ တရားခံတွေ အများကြီးကို အချိန်အကြာကြီးလေ့လာ မှ ဒီအချက်တွေဟာ တကယ်မှန်ကြောင်း ယုံကြည်ခဲ့ပါတယ်။

ကျော်စွာ
Yez Magazine
www.yezmagazine.com
Ref: Entrepreneur

မှတ်ချက်များ