ထိုင်း၌ နိုင်ငံခြားသား ဆိုင်ကယ်တိုက်မှု သေဆုံးစာရင်းတွင် မြန်မာအများဆုံး ဖြစ်လာ
ထိုင်းနိုင်ငံ၌ ၂၀၁၆ ခုနှစ် နှစ်ဦးပိုင်းမှစ၍ ဆိုင်ကယ်တိုက်မှုဖြင့် နိုင်ငံခြားသား သေဆုံးသူစာရင်းတွင် မြန်မာအလုပ်သမား အများဆုံးဖြစ်ကြာင်း သိရသည်။
ဆိုင်ကယ်တိုက်မှုများသည် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို မလိုက်နာခြင်း၊ ဆိုင်ကယ်ဦးထုပ် အသုံးမပြုခြင်း၊ အရက်သေစာ သောက်စားထားပြီး ဆိုင်ကယ်စီးသဖြင့် ယာဉ်တိုက်မှုများ ဖြစ်ကြောင်း ထိုင်း The Nation သတင်းက ဖော်ပြ ထားသည်။
မြန်မာအလုပ်သမား အများစုသည် နေ့စဉ် အလုပ်သွားရာတွင် ဆိုင်ကယ်ကိုသာ အသုံးပြု ကြရသည်။ ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူး ပတ်စပို့၊ အလုပ်သမားလက်မှတ် စသည့်အ ထောက်အထားများ ရှိပါက ဆိုင်ကယ်ကို အလွယ်တကူ ဝယ်ယူနိုင်သည် ဖြစ်သည်။
သို့ရာတွင် ယခုနှစ်ဦးပိုင်းမှစ၍ ဆိုင်ကယ်တိုက်မှုဖြင့် သေဆုံးမှု များပြားလာ၍ မြန်မာအလုပ်သမားများကို ဆိုင်ကယ်ဝယ်ယူရာတွင် ယာယီပတ်စပို့ နှင့်တကွ ယာဉ်မောင်း လိုင်စင် ပြနိုင်မှသာ ဝယ်ယူနိုင်သည့် ဥပဒေတရပ် မကြာသေးခင်က ထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံတွင် နှစ်စဉ် ယာဉ်မတော်မဆ တိုက်မှုဖြင့် သေဆုံးသူ ဦးရေ ၂၆၀၀၀ အထက် ရှိသည်ဟု သိရသည်။ ထိုအထဲတွင် ၈၀ ရာခိုင်နှုန်းသည် ဆိုင်ကယ်တိုက်မှု ဖြစ်သည်ဟု ယာဉ်စည်းကမ်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ငြိမ်းဇော် / ဧရာဝတီ
Photo - CityNews Chiang Mai

မှတ်ချက်များ