အိုင်အက်စ်များ ဖမ်းထားသည့် ၁၆ နှစ်အရွယ် ဆွီဒင်မိန်းကလေးကို ကယ်တင်
အီရတ်နိုင်ငံတွင်းက အိုင်အက်စ် စစ်သွေးကြွတွေ ဖမ်းထားတာ ခံရတဲ့ အသက် ၁၆ နှစ် အရွယ် ဆွီဒင်မိန်းကလေးကို ကာဒစ်ရှ် အထူးတပ်ဖွဲ့ဝင်တွေရဲ့ စီးနင်းမှုအတွင်း အရင်အပတ်က ကယ်ထုတ်နိုင်ခဲ့တယ်လို့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
မိန်းကလေးဟာ ဆွီဒင်ကနေ ဆီးရီးယားနိုင်ငံကို မနှစ်က ခရီးသွားခဲ့ရင်း အီရတ်နိုင်ငံထဲကို ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။ ကာဒစ်အကြမ်းဖက်မှု တိုက်ဖျက်ရေးဌာန အထူးတပ်ဖွဲ့ဝင်တွေက သူကို အိုင်အက်စ်တွေ ခြေကုပ်ယူထားတဲ့ မိုဆူးလ်မြို့နားကနေ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။
ဒီမိန်းကလေးဟာ ဆွီဒင်နိုင်ငံ ဘိုရတ်စ်မြို့က လာတာဖြစ်ပြီး ဆီးရီးယားကို ခရီးထွက်လာအောင် ဆွီဒင်နိုင်ငံထဲက အိုင်အက်စ်အဖွဲ့ဝင်တယောက်က တလွဲခေါင်းဆောင်တာ ခံခဲ့ရတယ်ဆိုတာ ကာဒစ်ရှ် လုံခြုံရေး ကောင်စီက ထုတ်ဖော်နိုင်ခဲ့ပါတယ်။
သူဟာ လောလောဆယ် ကာဒစ်စတန်ခရိုင်ထဲမှာ ရှိနေပြီး ဆွီဒင် အာဏာပိုင်တွေဆီကို လွှဲပေးမှာ ဖြစ်လို့ လိုအပ်တဲ့အစီအစဉ်တွေ လုပ်ပြီးရင် အိမ်ပြန်နိုင်မယ်လို့ ကြေညာချက်က ဆိုပါတယ်။
၂၀၁၄ ဇွန်လက အီရတ်နဲ့ ဆီးရီးယားက နယ်မြေအများအပြားကို အိုင်အက်စ်တွေက သိမ်းပိုက် ပြီးချိန်မှာ ရာနဲ့ချီတဲ့ အနောက်နိုင်ငံသူနဲ့ နိုင်ငံသားတွေက အိုင်အက်စ်အဖွဲ့နဲ့ ပူးပေါင်းဖို့ ထွက်လာခဲ့ကြတယ်လို့ လုံခြုံရေးအဖွဲ့တွေက ခန့်မှန်းပါတယ်။
ဒီလအစောပိုင်းက ဆီးရီးယားက အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေနဲ့ ပူးပေါင်းဖို့ ၁၄ လသား သားငယ်ကို ခေါ်ပြီး သွားခဲ့တဲ့ အမျိုးသမီးတယောက်ကို ဗြိတိန်တရားရုံးက ထောင်ဒဏ် ၆ နှစ် ပြစ်ဒဏ် စီရင်ခဲ့ပါတယ်။
DVB

မှတ်ချက်များ